ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

AA ဖမ်းထားသည့် စစ်သုံ့ပန်းများကို စစ်ကောင်စီက နှုတ်ပိတ်လို၍ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၄

အာရက္ခတပ်တော် (AA)က ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို စစ်ကောင်စီက နှုတ်ပိတ်လို၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကိုပြောသည်။

"စစ်သုံ့ပန်းတွေထားတဲ့နေရာကို အဓိကပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာက သူတို့အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ကျူးလွန်ထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ နောက်ပြီးလို့ရှိရင် မြို့ရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးခဲ့မှုတွေ၊ နောက်ပြီးတော့ ဒေသခံပြည်သူတွေကြားမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးခဲ့မှုတွေ၊ အစရှိတဲ့ လူသားမျိုးနွယ်အပေါ်မှာကျူးလွန်ခဲ့တဲ့ ရာဇဝတ်ပြစ်မှုတွေကို ဖုံးကွယ်ဖို့အတွက်ဖြစ်တယ်။ ဒီရာဇဝတ်ပြစ်မှုကြီးတွေအတွက် အဓိကသက်သေထွက်ဆိုပေးနိုင်တဲ့သူတွေဟာ အခုဒီစစ်သုံ့ပန်းဖြစ်နေတဲ့၊ တစ်ချိန်က မင်းအောင်လှိုင်ခိုင်းသမျှ အဆင့်ဆင့်လုပ်ခဲ့ကြတဲ့ စစ်အရာရှိကြီးတွေ၊ အလယ်အလတ်တပ်မှူးတွေ၊ ရဲဘော်တွေဖြစ်တယ်။ ဒါကြောင့် ဒီသက်သေထွက်ဆိုနိုင်တဲ့ စစ်သုံ့ပန်းတွေထားတဲ့နေရာတွေကို မင်းအောင်လှိုင်တပ်က ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာဖြစ်တယ်"ဟု ပြောသည်။

ရခိုင်ပြည်၊ မောင်တောမြို့တွင် AA က သိမ်းပိုက်ထားသော အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ-၂)ရှိ AA ၏ ယာယီအကျဥ်းစခန်းနှင့် ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ AA ၏ ယာယီဆေးကုသရေးစင်တာတို့ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်၍ AA ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများအပါအဝင် အရပ်သားအကျဥ်းသားစုစုပေါင်း ၇၀ ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

ယင်းဖြစ်စဥ်နှစ်ခုနှင့်ပတ်သက်ပြီး AA ၏ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာကဆက်သွယ်မေးမြန်းရာ ယခုလိုတုံ့ပြန်ဖြေကြားခြင်းဖြစ်သည်။

မောင်တော နခခ-၂ ရှိ AA ၏ ယာယီအကျဥ်းစခန်းကို စစ်ကောင်စီက စက်တင်ဘာ ၉ ရက်၊ ည ၉ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူဦးရေ ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး ၇၀ ကျော်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

သေဆုံးဒဏ်ရာရသူများတွင် AA က မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် စစ်သုံ့ပန်းများ၊ ARSA ၊ RSO မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊ ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်နေသောသူများနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့တို့ ပါဝင်သည်ဟု ဆိုသည်။

အလားတူ စက်တင်ဘာ ၈ ရက်၊ ညနေ ၇ နာရီခန့်ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဥ်းသားများအားဆေးကုသပေးနေသော AA ၏ ယာယီဆေးကုသရေးစင်တာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းဖြစ်စဥ်အတွင်း စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် မိမိတို့၏သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ မိမိတို့၏ ကျန်းမာရေးဝန်ထမ်းတချို့နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့အပါအဝင် စုစုပေါင်း ၁၇ ဦးသေဆုံးပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးအထိရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ဦးခိုင်သုခက "အဓိကကတော့ သူတို့ ဒီသက်သေထွက်ဆိုနိုင်တဲ့သူတွေကို သတ်ဖြတ်ပစ်ပြီးတော့ နှုတ်ပိတ်ပစ်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ ကျနော်ကတော့ အဲလိုမျိုး သုံးသပ်ပါတယ်"ဟုလည်း ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုအတွင်း အသက်မသေဘဲ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို AA ဆေးတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ ဆေးကုသမှုပေးနေသည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းယူမည်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန် လိုအပ်ကြောင်း စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ကရင်နီနှင့် ရှမ်းပြည်တို့ကို သွားရောက်စဉ် ပြောဆိုခဲ့သည်။

ယင်းသို့ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ရခိုင်အပါအဝင် ရှမ်းမြောက်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်နီနှင့် ပဲခူး စသည့် နေရာအနှံ့တွင် ပိုမိုပြုလုပ်ခဲ့သည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန်လည်း AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယမန်နေ့တွင် သတိပေးထားသည်။

ဓာတ်ပုံ - မောင်တော နခခ-၂ ရှိ AA ၏ ယာယီအကျဥ်းစခန်းကို စစ်ကောင်စီက ဗုံးကြဲအပြီး ထိခိုက်ဒဏ်ရာသူများအား AA က ဆေးကုသပေးနေစဥ်။ (Photo - AA Info Desk)

ဆက်စပ် သတင်းများ