ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

တောင်ကုတ် ပန်းတင်ကျွန်းကမ်းခြေနှင့် ကုလရောင်ကမ်းခြေတို့တွင် အမျိုးသားအလောင်း ၁၁ လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

(အလောင်းတစ်ခုတွင် "ငါတို့ဘယ်တော့မှမရှုံးစေရဘူး -ီးပဲ" တက်တူးထိုးထား)


ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၁ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းကမ်းခြေနှင့် ကုလရောင်ကျေးရွာကမ်းခြေတို့တွင် ဒီရေနှင့်အတူမျောပါလာသည့် အမျိုးသားအလောင်း ၁၁ လောင်းကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအလောင်းများကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နှင့် ယနေ့စက်တင်ဘာလ ၁၁ ရက် ဒီရေပြည့်ချိန်တွင် ကုလရောင်ကမ်းခြေနှင့် ပန်းတင်ကျွန်းပင်လယ်ကမ်းခြေ ကမ်းစပ်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ​ဒေသခံများက ပြောသည်။

ကုလရောင်(အောင်မင်းချောင်ရွာ)ကမ်းခြေတွင် အလောင်း ၃ လောင်းနှင့် ကုလရောင် (ဒုံးဆိပ်ရွာ)နှင့် တစ်ဘက်တစ်ကမ်းရှိ ဒေသအခေါ်(ဆားချောင်း)ကမ်းခြေတွင် ၁ လောင်းတို့ကို ယမန်နေ့နှင့် ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ကုလရောင်ကမ်းခြေနှင့် သိပ်မဝေးသည့် ပန်းတင်ကျွန်းပင်လယ်ကမ်းခြေတွင်လည်း အမျိုး သားအလောင်း ၇ လောင်းကို ယမန်နေ့နှင့် ယနေ့တွင်တွေ့ရှိခဲ့ကြောင်သိရသည်။

“ ၇ လောင်းထဲမှာ ပန်းတင်ကျွန်း၊ ကံဆိပ်ကျေးရွာအနီးမှာ အလောင်း ၄ လောင်း တွေ့ရှိပြီး ပန်းတင်ကျွန်း(အမော်)ခေါ်တဲ့ မော်ဖျားမှာ  ၃ လောင်းတွေ့ရှိခဲ့ပါတယ်။ ပန်းတင်ကျွန်းမှာ တွေ့တာ ၇ လောင်းဖြစ်ပါတယ်”ဟု ၎င်းက​ ပြောသည်။

ကုလရောင်ကမ်းခြေတွင်တွေ့ရှိသည့်အလောင်းများမှာ အသက်သုံးဆယ်ဝန်းကျင်အရွယ် လူငယ်အလောင်းများဖြစ်သည်ဟု သိရသည်။

အလောင်းတစ်လောင်းတွင် ဦးခေါင်းပြတ်နေပြီး အလောင်းများအားလုံးမှာ ပုံပျက်ပန်းပျက်ဖြင့် ရောင်ကိုင်းနေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

"အလောင်းတွေက လူငယ်တွေချည်းပဲ။ အလောင်းတစ်လောင်းမှာတော့ ခေါင်းပြတ်ကြီး ဖြစ်နေတယ်" ဟု ပြောသည်။



ပန်းတင်ကျွန်း ကံဆိပ်ကျေးရွာအနီးတွေ့ရှိသည့်အလောင်းများထဲ အလောင်းတစ်လောင်း၏ ဦးခေါင်းနှင့်မျက်နှာမှာ ဆိုးဝါးစွာပျက်စီးနေသည်ကိုတွေ့ရသည်ဟုလည်း ဆိုသည်။

အခြားတစ်လောင်း၏ နံရိုးဘေးစပ်တွင်လည်း "ငါတို့ဘယ်တော့မှမရှုံးစေရဘူး -ီးပဲ"ဟု မြန်မာဘာသာဖြင့် တက်တူးတစ်ခုရေးထိုးပါရှိကြောင်း မျက်မြင်ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"ပန်းတင်ကမ်းခြေမှာ တွေ့တာတွေမှာ အားကစားဝတ်စုံတွေဝတ်ထားတဲ့အလောင်းတွေ။ အသက် သုံးဆယ်နဲ့ လေးဆယ်ကြား အရွယ်တွေပါ"ဟု ပြောသည်။

အဆိုပါအလောင်းများမှာ ပုံပျက်ပန်းပျက်ဖြစ်နေပြီး ပုပ်ပွလာမည်စိုး၍ ကျေးရွာသားများက မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါအလောင်းများမှာ သံတွဲမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်သိမ်းတိုက်ပွဲမှ မျောပါလာသည့်အလောင်းများဖြစ်နိုင်သည်ဟု ဒေသခံများက ထင်ကြေးပေးနေကြသော်လည်း နိရဥ္စရာအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ယခုတွေ့ရှိသည့် အလောင်းများ၏ဓာတ်ပုံများကိုလည်း အလောင်းတွေ့ရှိသည့်နေရာတွင် အင်တာနက်လိုင်းအခက်အခဲကြောင့် တင်ပြနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့်ဇူလိုင် ၂၄ ရက် သံတွဲဒေသ၊ ငပလီကမ်းခြေတိုက်ပွဲများပြင်းထန်နေစဥ်ကလည်း တောင်ကုတ်မြို့နယ်၊ ကုလရောင်ကျေးရွာကမ်းခြေတွင် အရပ်ဝတ်နှင့် အမျိုးသားအလောင်း ၇ လောင်း ကိုလည်း ဒေသခံများက တွေ့ရှိခဲ့သေးသည်။

အဆိုပါအလောင်းများတွင် ခြေထောက်သံကြိုးချည်ခံထားရပြီး တချို့အလောင်းများ မျက်လုံးအဝတ်စဖြင့်ချည်နှောင်ခံထားရသလို ရိုက်နှက်နှိပ်စက်ခံထားရဟန်ရှိသည့် ဒဏ်ရာများလည်းတွေ့ရကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - ကုလရောင်ကမ်းခြေအား ၂၀၂၃ ခုနှစ်၊ မိုးတွင်းက တွေ့ရစဥ်။ အနီဝိုင်းပြထားသည့်နေရာသည် ယခုအလောင်းတွေ့ရှိသည့်နေရာဖြစ်သည်။

ဆက်စပ် သတင်းများ