ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

ရခိုင်သို့ ကုန်စည်ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်းသောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 5.3k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၄

ရန်ကုန်မှ ရခိုင်ပြည်သို့ ကုန်စည်ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုတစ်ခုက ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မှ စားသောက်ကုန်ပစ္စည်းများကို စစ်တွေမြို့သို့ သင်္ဘောဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ ရန်ကုန်ရှိ ရခိုင်အမျိုးသားနှစ်ဦးက ဩဂုတ်လအတွင်း စစ်တွေမှကုန်သည် ၃၈ ဦးထံမှ ငွေကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ လိမ်လည်သွားခဲ့သည်ဟု နစ်နာခံရသူ ကုန်သည် တစ်ဦးက ပြောသည်။

"ရန်ကုန်ကနေ စစ်တွေကို ကုန်ပစ္စည်းတွေ သင်္ဘောနဲ့ပို့ပေးမယ်ဆိုပြီး ကုန်ပစ္စည်းလက်ခံတယ်။ အဲဒီလက်ခံတဲ့သူကဘဲ မပို့ဘဲ ကုန်တွေကို သူ့ဟာသူ ရောင်းပြီးထွက်ပြေးသွားတာ။ သူ့ဆီ ကုန်အပ်ထားတဲ့သူ ကုန်သည် ၃၈ ဦးရဲ့ ပစ္စည်းတန်ဖိုးတွေဆုံးရှုံးရတယ်။ လိမ်တဲ့သူက ရန်ကုန်မှာ ဟန်ပြ ရုံးဖွင့်စားပြီး လိမ်တာ။ လိမ်ပြီးသွားရော ထွက်ပြေးသွားတယ်"ဟု ပြောသည်။

ရခိုင်သို့ သင်္ဘောဖြင့်  ကုန်ပစ္စည်းများကို ပို့ဆောင်ပေးမည်ဟု ကြေညာပြီး ကုန်ပစ္စည်းများကို သွားရောက်ပို့ဆောင်ခဲ့ပြီးနောက် သင်္ဘောတစ်စီးစာ ကုန်ပစ္စည်းများ ရရှိလာသောအခါ အဆိုပါ ပစ္စည်းများကို ရောင်းချကာ ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ ခုလို ကုန်ပစ္စည်းတွေ ကို စစ်တွေကို သင်္ဘောနဲ့ ပို့ဆောင်ပေးမယ်လို့ ပြောပြီး ကုန်ပစ္စည်း တွေကို ရောင်းချပြီး  ထွက်ပြေးသွားတဲ့အတွက်  ကုန်သည်တွေအနေနဲ့ အများကြီး နစ်နာ ခဲ့ရပါတယ်”ဟု ကုန်သည်များနှင့် နီးစပ်သည့် စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ရေးအခြေအနေတင်းမာနေသည့်အချိန်တွင် မသမာသူစီးပွားရေးလုပ်စားသူများပြားနေပြီး ငွေလိမ်ခံရမှုများ၊ ငွေလိမ်သူများ အဖွဲ့အစည်းလိုက်ပေါ်ပေါက်နေသည့်အတွက် ယခုလက်ရှိ အချိန်တွင် သေချာလေ့လာဆန်းစစ်ပြီးမှ ယုံကြည်သင့်သည်ဟု စစ်တွေမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

လက်ရှိ စစ်တွေမြို့ရှိ ဓာတ်တိုင်များတွင်လည်း  ကုမ္ပဏီလီမီတစ်ခု အမည်ဖြင့် ရန်ကုန်၊ ကျောက်ဖြူ၊ စစ်တွေ၊ မြောက်ဦးမြို့နယ်များသို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်လိုသူများအား အစုရှယ်ယာရှင်များအဖြစ်ဖိတ်ခေါ်လျက်ရှိသည်ဟု ကြော်ငြာ စာရွက်များ ကပ်ထားသည်ဟု မြို့ခံများက ပြောသည်။ 

အဆိုပါ ကုမ္ပဏီလီမီတက်ကို နိရဉ္စရာက ဆက်သွယ် မေးမြန်းရာ အစုရှယ်ယာ ဝင်မည့်သူများ အပေါ်မူတည်၍ ငွေကြေးသတ်မှတ်သွားမည် ဖြစ်ပြီး ငွေလွှဲမည်ဆိုပါက kpay၊ wave pay စသည့် နံပါတ်များကို ပေးမည်ဟု ဖုန်းပြန်လည်ဖြေဆိုသူတစ်ဦးက ဖြေကြားသည်။

"ကျနော်တို့က ရေလမ်းနဲ့ပို့ပေးမှာပါ။ ကျနော်တို့နည်းကျနော်တို့ဟန်နဲ့ အခုပြောထားတဲ့ မြို့တွေကို ပို့ပေးမှာပါ။ ရှယ်ယာဝင်ချင်ရင် ဘယ်မြို့နယ်ကဖြစ်ဖြစ် ကျနော်တို့ ဆီငွေလွှဲရမယ့် နံပါတ်တွေပို့ပေးမှာပါ"ဟု ဖြေဆိုသွားသည်။

ယခုလို စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက ကုန်စည်စီးဆင်းမှုများကို ဖြတ်တောက် ထားချိန်တွင် ရန်ကုန်၊ ကျောက်ဖြူ၊ စစ်တွေ၊ မြောက်ဦးမြို့နယ်များသို့ ကုန်စည် ပို့ဆောင် ပေးမည် ဆိုသည်မှာ မဖြစ်နိုင်ဟု စစ်တွေမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

"ဒီအချိန်မှာ အစုရှယ်ယာဝင်တွေခေါ်တာက မရိုးသားတာလို့မြင်တယ်။ ဖြစ်လည်း မဖြစ်နိုင်ဘူး ထင်တယ်။ လမ်းတွေပိတ်ထားတာ။ ကျောက်ဖြူမှာလည်း စစ်ကောင်စီက ကုန်တွေဖမ်းတယ်။ လူတွေကိုဖမ်းတယ်။ မြောက်ဦးဖက်ကိုရော ဘယ်လိုပို့မှာလဲ။ စစ်တွေကလည်း ပွဲစားတွေ များတယ်။ ပုဂ္ဂလိကသင်္ဘောတွေတောင်ပေးမဝင်တာ။ အလုပ် ငတ်မွတ်နေတဲ့သူတွေ သတိထားသင့်တယ်။ စဉ်းစားချင့်ချိန်ပြီးမှ လုပ်ကြပါ"ဟုပြောသည်။

ရခိုင်တပြည်လုံးတွင် စစ်ရေးအခြေအနေကြောင့် စီးပွားရေးကျပ်တည်းနေချိန် မသမာသူများက အကွက်ဆင်ကာ လိမ်လည်မှုများပေါ်ပေါက်နေသည့်အတွက် လုပ်ငန်းရှင်များနှင့် တနိုင်တပိုင် လုပ်ငန်းရှင်များ သတိထားရန်လိုကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - စစ်ကောင်စီက ရန်ကုန်မှ စစ်တွေသို့ပို့ဆောင်နေသည့် ကုန်ပစ္စည်းအချို့အား စစ်တွေဆိပ်ကမ်း၌တွေ့ရစဥ်။

ဆက်စပ် သတင်းများ