ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဂွမြို့နယ် ဂန့်ဂေါ်တောင်တိုက်ပွဲမှ တပ်ဆုပ်လာသည့် စစ်ကောင်စီတပ်သားများ ကျေးရွာသားများကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်ပြုလုပ်ထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 970

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၂ /၂၀၂၄

ဂွမြို့နယ်၊ ကျိန္တလီမြို့ အနီးရှိ ဂန့်ဂေါ်တောင်ဆည်တွင် AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲမှ တပ်ဆုတ် လာသည့်  စစ်ကောင်စီတပ်သားများသည် ဂန့်ဂေါ်တောင် ကျေးရွာသားများကို ဖမ်းဆီးပြီး လူသားဒိုင်းကာ အဖြစ် အသုံးပြုထားသည်ဟု သတင်းရရှိသည်။

ဂွဒေသခံစစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက" တိုက်ပွဲကနေ့တိုင်းလိုလိုရှိနေတယ်။ တချိန်လုံး တစ်နေကုန် ဖြစ်နေတာတော့မဟုတ်ဘူး။ နာရီပိုင်း ဖြစ်လိုက် ရပ်လိုက်၊ နောက်ထပ်ဖြစ်လိုက်။ အဲသလိုပေါ့နော်။ တိုက်ပွဲ အစက ဂန့်ဂေါ်တောင် ဆည်နားမှာ ဖြစ်တာ။ ဖြစ်ရင်းနဲ့ စစ်ကောင်စီဖက်က အထိနာတော့ ဟိုတစ်နေ့က နောက်ဆုတ်လာပြီး အခုဂန့်ဂေါ်တောင်ရွာဘက်ကို ရောက်လာတယ် ။ အဲဒီရွာကို ရောက်တော့ ရွာသားတွေကိုအားလုံးကို ဖမ်းထားတယ်။ အထူးသဖြင့် လူငယ်ပိုင်းတွေကို။ ပြီးတော့ အဲဒီရွာကနေ ခုခံနေတယ်" ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

၎င်း ဂန့်ဂေါ်တောင်ဆည်တိုက်ပွဲမှ နောက်ဆုတ်လာသည့် စစ်တပ်သည် ကုလားပြင်ကျေးရွာမှ စစ်ကူလာသည့် စစ်ကြောင်းနှင့် ပေါင်းကာ ဂန့်ဂေါ်တောင်ရွာထဲမှ နေ၍ အေအေကို ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။

“ ဂန့်ဂေါ်တောင် ရွာက ချင်းလူမျိုးအများစုနေထိုင်ပြီး  ရခိုင်လူမျိုး အနည်းငယ်လည်း နေထိုင် ကြပါတယ်။  ဖမ်းထားတဲ့ အထဲက  အသက်မပြည့်သေးတဲ့ ကလေးနှစ်ယောက်ကိုလည်း ကြိုးတုတ်ပြီး ကုလားပြင်ဘက်ကို ခေါ်သွားတယ်လို့လည်း သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲမှ တပ်ဆုပ်လာသည့် စစ်ကောင်စီများအထဲတွင်ဒဏ်ရာရ စစ်သားများလည်းပါဝင်ကာ ကုလားပြင်ဖက်သို့ ယူဆောင်သွားကြောင်း သိရသည်။

ယင်းအပြင် ဂွအခြေစိုက်တပ်ရင်းနှင့် ဂွရိုးမပေါ်တွင် အထိုင်ချထားသည့် လက်နက်ကြီးအထိုင်စခန်းမှ လက်နက်ကြီး၊ငယ်များဖြင့် တိုကိပွဲဖြစ်နေသည့် နေရာများကို ပစ်ကူပေးလျက်ရှိကြောင်း ဒေသခံများကပြောသည်။

ဂန့်ဂေါ်တောင်ကျေးရွာသားများကို ဖမ်းဆီးထားသည့် သတင်းကြောင့် အနီးအနားက ကျေးရွာများက ရွာသားများမှာလည်း လူသားဒိုင်းကာအဖြစ်ခံရမည်စိုး၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြပြီဟု သိရသည်။

ဂန့်ဂေါ်တောင်အနီးတွင်  ဂန့်‌ ဂေါ်တောင်ကျေးရွာ၊ မြတ်မင်္ဂလာကွက်သစ်နှင့် ကျွန်းပင်ချောင်းစသည့် ကျေးရွာများရှိကြောင်း ဒေသခံများက ပြောသည်။

ကျိန္တလီမြို့ အနီးရှိ ဂန့်ဂေါ်တောင်ဆည်အနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့သည် စက်တင်ဘာ ၆ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိတွင် ၎င်းတိုက်ပွဲသည် ဂန့်ဂေါ်တောင် ကျေးရွာ အနီးသို့ရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

သံတွဲဘက်အလာ ဂွမြို့နယ်ဘက်သို့ အဝင် ကားလမ်းပေါ်ရှိ ကုလားပြင်‌ကျေးရွာမှ ကြွေချိုင်ကျေးရွာ အထိ ဒေသခံပြည်သူများအား သွားလာခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။  

ဆက်စပ် သတင်းများ