ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရိုးမတောင်တန်းနှင့် ရခိုင်တွင် ၂၄ နာရီအတွင်း ထူးကဲမိုးရွာပြီး ရေလွှမ်းနစ်မြုပ်မှုများဖြစ်လာနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၄

ရခိုင်ရိုးမတောင်တန်းကြီးပေါ်နှင့် ရခိုင်ပြည်တွင် ၂၄ နာရီအတွင်း ထူးကဲမိုးများရွာသွန်းပြီး မိုးကြီးရေလွှမ်းနစ်မြုပ်မှုများဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်ထားသည်။

မိုးလေဝသပညာရှင် Su Su San က  "ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမ တောင်တန်းကြီးပေါ်မှာ ၂၀၂၄ စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက် ၂ ရက်ဆက်တိုက် စုစုပေါင်းမိုးရေချိန် ၃၀၀ မီလီမီတာမှ ၄၈၀ မီလီမီတာအထိ မိုးကြီးနိုင်ပါတယ်”ဟု သူ၏လူမှုကွန်ရက်မှတဆင့် ယနေ့တွင်  သတိပေးနှိုးဆော်ထားသည်။

“ မိုးကြီးမှုကြောင့် ရခိုင်ရိုးမ အရှေ့ခြမ် ယောချောင်း၊ စလင်းချောင်း၊ နွယ်တမယ်ချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ စပွတ်ချောင်း၊ မင်းတုန်းချောင်း များသည် တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်ပါသဖြင့် ချောင်းနီးမြေနိမ့်နေရာဒေသများတွင် နေထိုင်ကြသူများအနေဖြင့် မြေမြင့် ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ နေထိုင်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်" ဟုလည်း ဖော်ပြထားသည်။

မကွေးတိုင်း ဧရာဝတီမြစ်အတွင်း စီးဝင်သော ချောင်းများလည်း အန္တရာယ်ရှိသည်ဟု ဆိုထားသည်။


လက်ရှိ ရခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယမန်နေ့ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံဖြစ်ပွားလျက်ရှိကာ တချို့ဒေသများတွင် လူအသေအပျောက်များရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် အနောက်မြောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းသည် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ဆက်လက်တည်ရှိနေသည်ဟု ဆိုထားသည်။

အဆိုပါလေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး ရခိုင်ပြည်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဆက်လက်တည်ရှိနေသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

"အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက် (၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း တို့ကို ရောက်ရှိ နိုင်သည်"ဟုလည်း ခန့်မှန်းထားသည်။




အဆိုပါလေပွေလှိုင်းဖြတ်ကျော်သည့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုး/ဇလက သတိပေးထားသည်။

ယင်းကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

နောက် ၂ ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာမည်ဟုလည်း ဆိုထားသည်။

ဓာတ်ပုံ - တောင်ကုတ်မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်ငယ်အချို့ ရေနစ်မြုပ်နေသည်ကို ယမန်နေ့ စက်တင်ဘာ ၁၁ ရက်၊ ညနေပိုင်းက မြင်တွေ့ရစဥ်။

 

ဆက်စပ် သတင်းများ