မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၄
လူသားချင်းစာနာမှုအကူအညီများပေးနေသည့် ၇ခိုင်ပြည်၊ မောင်တောမြို့၊(၃) မိုင်နှင့် ဝေသာလီရွာအတွင်းရှိ ကမ္ဘာ့ကုလသမဂ္ဂရုံး(UN) အဆောက်အအုံတို့အားစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်ဟုသိ၇သည်။
အဆိုပါ UN အဆောက်အအုံများကို စစ်ကောင်စီကစက်တင်ဘာ ၉ ရက်၊ ည (၈) နာရီခွဲခန့်တွင်လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်(AA)က စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
AA ပြောခွင့်၇သူ ဦးခိုင်သုခကလည်း "အဲဒီမှာတော့လုံး၀ တစ်ခုမကျန် ပြိုပျက်ပြီးတော့ အရမ်းပျက်စီးသွားတယ်၊ UN ရုံးတွေလေ။UNHCR ရုံး၊ တခြားတခြားသော ရုံးတွေပေါ့လေ။အားလုံးပျက်စီးသွားတာရှိတယ်"ဟု နိရဥ္စရာကို အတည်ပြုပြောဆိုသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရုံးခြံတွင်းရှိပင်မအဆောက်အအုံအပါအဝင် ဝန်ထမ်းဆောင်များ၊ လူနေအဆောင်များနှင့် ရုံးခြံအနီးရှိလူနေအိမ်အချို့လည်း ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။
UN ရုံးဝန်ထမ်းများအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့များ၊ဝန်ထမ်းများသည် မောင်တောမြို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ချိန်မှစတင်ပြီးရုံးများကိုပိတ်ကာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းတိမ်းရှောင်သွားခဲ့ကြသည်။
တိုက်ပွဲအတွင်း မောင်တောမြို့ပေါ်တွင် ပိတ်မိကျန်နေခဲ့ကြသည့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့များနှင့်ဝန်ထမ်းများကိုလည်း AA က ဘေးလွတ်ရာသို့ကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း သိ၇သည်။
ယင်းကြောင့် ယခုတိုက်ခိုက်မှုအတွင်း လူအထိအခိုက်မရှိခဲ့ဟုဦးခိုင်သုခက ပြောသည်။
UN ရုံးသည် မောင်တောခရိုင်အတွင်း ကမ္ဘာ့ကုလသမဂ္ဂလုပ်ငန်းများ၊ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိ၇သည်။
UN ရုံးအဆောက်အအုံကို စစ်ကောင်စီတပ်၏လေကြောင်းအန္တရာယ်မှကာကွယ်နိုင်ရန် ရုံးခေါင်မိုးပေါ်တွင် အပြာရောင်အောက်ခံ၌အဖြူရောင်ဆေးများဖြင့် ''UN''စာလုံးအား ပြီးခဲ့သည့် ဖေဖော်ဝါရီလပထမပတ်မှစတင်၍ မြင်သာအောင်ရေးသားထားခဲ့သေးသည်။
ယင်းသို့ မြင်သာအောင် ထင်ထင်ရှားရှား ရေးသားထားခဲ့သော်လည်း ယခုလိုဗုံးကြဲတိုက်ခိုက်လာမှုမှာ UN အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီပေးနေမှုများကိုစစ်ကောင်စီက လက်မခံလို၍ဟု ဦးခိုင်သုခက ရှုမြင်သုံးသပ်သည်။
"ဒီ UN အဖွဲ့အစည်းတွေရဲ့ ရုံးတွေ၊ အဆောက်အအဦတွေကိုအကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာက သူတို့စစ်ကောင်စီကနေပြီးတော့ UN အဖွဲ့အစည်းတွေကို လက်မခံတော့ဘူးဆိုတဲ့သဘောကို ဖော်ပြတာဖြစ်တယ်။နောက်တစ်ခုကတော့ ဒီ UN အဖွဲ့အစည်းတွေကလူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ ဆိုတော့ ဒီဟာကိုကြည့်ရင်အကြမ်းဖက် စစ်ကောင်စီက လူသားချင်းစာနာမှုအကူအညီတွေပေးတာကိုလည်းပဲ သူတို့ကလုံး၀လက်မခံဘူးဆိုတဲ့သဘောကိုဖော်ပြတာလို့ပဲ ကျနော်ကတော့ အဲလိုပဲမြင်ပါတယ်"ဟု ပြောသည်။
UN အဆောက်အအုံများကို စစ်ကောင်စီက ပစ်ခတ်ခဲ့ပြီးနောက် ယင်းနေ့ည ၉နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက AA သိမ်းပိုက်ထားသည့်မောင်တောမြို့၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ-၂)ရှိ AA ၏ ယာယီအကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
အကျဥ်းစခန်းအတွင် စစ်သုံ့ပန်းများအပါအဝင် လူဦးရေ ၅၀ ကျော်ပွဲချင်းပြီးသေဆုံးပြီး ၇၀ ကျော်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။
(ဓာတ်ပုံ- စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ မောင်တောမြို့ရှိပျက်စီးသွားသည့် UN ရုံးအဆောက်အအုံများအား တွေ့၇စဥ်။)