တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

မိုးသည်းထန်နေ၍ တောင်ကုတ်မြို့မဈေးကြီးအပါအဝင် မြို့ပေါ်ရပ်ကွက်များ ရေစတင်နစ်မြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 407

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ စက်တင်ဘာ ၁၂ / ၂၀၂၄

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေဆဲဖြစ်၍ ရခိုင်ပြည်၊ တောင်ကုတ်မြို့မဈေးကြီးအပါအဝင် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၁၀ ရက်မှစတင်ပြီး မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းနေ၍ တောင်ကုတ်မြို့ပေါ်မှ အနိမ့်ပိုင်းရပ်ကွက်ငယ်တချို့ စက်တင်ဘာလ ၁၁ ရက်မနက်ပိုင်းမှစတင်ကာ ရေနစ်မြုပ်နေခဲ့သည်။

ယနေ့စက်တင်ဘာလ ၁၂ ရက်​၊ နေ့လယ်ပိုင်းအထိ မိုးရွာသွန်းမှုရပ်တန့်ခြင်းမရှိ၍ တောင်ကျချောင်းရေများဝင်ရောက်ကာ တောင်ကုတ်မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များလည်း ရေနစ်မြုပ်နေပြီဟု မြို့ခံများကပြောသည်။

တောင်ကုတ်မြို့ခံတစ်ဦးက "မနေ့က ရပ်ကွက်ငယ်တွေလောက်ပဲရေမြုပ်တာ။ ဒီနေ့မနက်မှာ တောင်ကုတ်ချောင်းရေက မြို့မဈေးကြီးဘက်ကကျော်ပြီး ဈေးမှာ ရေနစ်မြုပ်နေပြီ။ မြို့လယ်ခေါင်နေရာတချို့လည်း ရေမြုပ်နေတယ်" ဟု ပြောသည်။



တောင်ကုတ်မြို့မဈေးကြီး၊ ကမ္ဘောဇဘဏ်ခွဲရှိရာ အမ်းလမ်းမကြီးအပါအဝင် ချောင်းကောက်၊ ဂူတာ၊ မီးစက်ကွက်သစ်၊ အင်းခုံတောင်၊ ဆေးရုံကွက်သစ်စသည့်ရပ်ကွက်များတွင် တောင်ကျချောင်းရေဝင်ရောက်ပြီး နေအိမ်များရေနစ်မြုပ်နေကြောင်း သိရသည်။

မိုးရွာသွန်းမှုမရပ်တန့်ဘဲ ဆက်လက်သည်းထန်နေပါက ဩဂုတ်လက ရေကြီးရေလျှံမှုအခြေအနေမျိုးလိုဖြစ်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

ရခိုင်ရိုးမနှင့် ရခိုင်ပြည်တွင် ၂၄ နာရီအတွင်း ထူးကဲမိုးများရွာသွန်းပြီး မိုးကြီးရေလွှမ်းနစ်မြုပ်များ ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။



မိုးလေဝသပညာရှင် Su Su San က "ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမ တောင်တန်းကြီးပေါ်တွင် စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက် ၂ ရက်ဆက်တိုက် စုစုပေါင်းမိုးရေချိန် ၃၀၀ မီလီမီတာမှ ၄၈၀ မီလီမီတာအထိ မိုးကြီးနိုင်သည်"ဟု သူ၏ လူမှုကွန်ရက်မှတဆင့် ယနေ့တွင် သတိပေးထားသည်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ရန် မိုး/ဇလပညာရှင်များက သတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ - တောင်ကုတ်မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်နေသည်ကို ယနေ့ စက်တင်ဘာ ၁၂ ရက်၊ နေ့လယ်က မြင်တွေ့ရစဥ်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!