ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၂ / ၂၀၂၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာသို့တောင်ကျချောင်းရေများဝင်ရောက်လာ၍ မြေနိမ့်ပိုင်းမှ ဒေသခံများကို ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရသည်ဟု သိ၇သည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာ ၁၂ ရက်၊ နံနက် ၁၀နာရီခန့်မှစတင်ကာ ရွာထဲသို့ တောင်ကျချောင်းရေများဝင်ရောက်လာပြီး ရေနစ်မြုပ်လာနေ၍မြေနိမ့်ပိုင်းမှ ဒေသခံ ၅၀ ဦးခန့်ကို ကုန်းမြင့်ပိုင်းရှိဆွေမျိုးများနေအိမ်များသို့ ပြောင်းရွေ့ထားရသည်ဟု ရူးစံပြကျေးရွာခေါင်းဆောင်ကပြောသည်။
"အနိမ့်ဘက်က လူတွေကိုတော့ ပြောင်းရွေ့ထားတယ်။မြေနိမ့်ဘက်မှာတော့ လူနေအိမ်အခန်းတချို့ မြုပ်နေပြီ။ မိုးကလည်း ဆက်ပြီးတော့ရွာနေသေးတယ်။ ဒီရေကလည်း တက်လာတော့ ထပ်ပြီးတော့ ရေကြီးနိုင်ပါသေးတယ်။ကုန်းမြင့်ပိုင်းကတော့ အဆင်ပြေပါသေးတယ်။ လူနဲ့ တိရစ္ဆာန်တွေတော့ ထိခိုက်မှု မရှိဘူး"ဟုပြောသည်။
ပြောင်းရွေ့ထားရသူများတွင် ကလေးငယ်၊ အမျိုးသမီးနှင့်သက်ကြီးများလည်းပါဝင်သည်ဟု သိ၇သည်။
ထို့အပြင် တောင်ကုတ်မြို့သို့လည်း ယမန်နေ့နှင့် ယနေ့တို့တွင်တောင်ကျချောင်းရေများဝင်ရောက်လာ၍ မြို့ပေါ်ရပ်ကွက်များမှာ ရေနစ်မြုပ်နေကြောင်းသိ၇သည်။
၇ခိုင်ပြည်တွင် စက်တင်ဘာ ၁၀ ရက်မှစကာမိုးသည်းထန်စွာရွာသွန်းလျက်ရှိနေပြီး ဩဂုတ်လကဖြစ်ပေါ်ခဲ့သောရေကြီးရေလျှံမှုအခြေအနေမျိုးလိုဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ဩဂုတ်လမိုးရွာသွန်းမှုအတွင်း ရခိုင်ပြည်တွင် လူသေဆုံးမှု၊စိုက်ပျိုးထားသည့် မိုးစပါးများပျက်စီးမှု၊ နေအိမ်များပျက်စီးမှုနှင့်ဆက်သွယ်ရေးလမ်းမများ ကျိုးပဲ့ပျက်စီးမှုစသည်တို့ ဖြစ်ပွားခဲ့သည်။
ရခိုင်ရိုးမနှင့် ၇ခိုင်ပြည်တွင် ၂၄ နာရီအတွင်းထူးကဲမိုးများရွာသွန်းပြီး မိုးကြီးရေလွှမ်းနစ်မြုပ်များဖြစ်လာနိုင်ကြောင်းမိုးလေ၀သပညာရှင်များက ခန့်မှန်းထားကြသည်။
မိုးလေ၀သပညာရှင် Su Su San က "ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမ တောင်တန်းကြီးပေါ်တွင် စက်တင်ဘာလ၁၂ ရက်နှင့် ၁၃ ရက် ၂ ရက်ဆက်တိုက် စုစုပေါင်းမိုးရေချိန် ၃၀၀ မီလီမီတာမှ ၄၈၀မီလီမီတာအထိ မိုးကြီးနိုင်သည်"ဟု သူ၏ လူမှုကွန်ရက်မှတဆင့် ယနေ့တွင် သတိပေးထားသည်။
ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကိုကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့်လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလပညာရှင်များကသတိပေးနှိုးဆော်ထားသည်။
ဓာတ်ပုံ - ရေနစ်နေသည့် ရူးစံပြကျေးရွာအား ယနေ့စက်တင်ဘာ ၁၂ ရက်၊ နေ့လယ်က တွေ့၇စဥ်။