တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

အမ်းချောင်းရေ စိုးရိမ်ရေမှတ်သို့နီးကပ်လာ၍ ကျေးရွာပေါင်း ၂၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 898

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၂/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့ရှိ အမ်းချောင်းရေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်သို့ရောက်ရန် ၄ ပေခန့်သာလိုတော့၍ အမ်းချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်သည် ဘေးလွတ်ရာသို့ပြောင်းရွေ့နေရပြီဟု သိရသည်။

ရွေ့ပြောင်းနေရသည့်ကျေးရွာများမှာ အမ်းချောင်းတစ်လျှောက်ရှိ ပြောင်းချောင်း၊ ချင်းကုန်း၊ ငလက်ကျ၊ ခရမ်းကျွန်း၊ လောင်းစပ်၊ ရေအေး၊ ပြုတ်ကျွန်း၊ ညောင်ချောင်း၊ စခန်းမော်၊ ပျက်၊ မယ်ဇလီကိုင်း၊ ဝက်မီးတို၊ တိုက်မော်၊ မော်ကြီး၊ ကံဇလီ၊ မွန်လှ၊ ကျားခြေရာ၊ လောင်းဒုံးကွင်း၊ မရမ်းတောင်၊ တပ်တောင်၊ ဟင်းရွက်မော်၊ တောင်ဖီလာ၊ အဝပြင် စသည့် ကျေးရွာများဖြစ်ကြသည်။

အဆိုပါကျေးရွာများမှ အနိမ့်ပိုင်းနေရာများရှိနေအိမ်များမှာ ယနေ့ စက်တင်ဘာ ၁၂ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ ချောင်းရေများဝင်ရောက်လာပြီဖြစ်၍ ဘေးလွတ်ရာ ကုန်းမြင့်များရှိ ဆွေမျိုးနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေကြရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "အမ်းချောင်းတစ်လျှောက်က ရွာတွေကတော့ နေ့လယ်ပိုင်းကနေ ပြောင်းနေကြပြီ။ ရေကရွာထဲကိုဝင်နေပြီလေ။ အိမ်ထဲထိတောင်နစ်နေကြပြီ။ ရေ ဒီထက် ပိုမတိုးလာခင်ကနေ ကြိုပြီးပြောင်းထားကြတာ။ မိုးရွာရင် ထပ်တိုးလာနိုင်တယ်"ဟု ပြောသည်။

ပြောင်းရွေ့နေရသည့်လူဦးရေစာရင်းများကိုမူ လောလောဆယ်အတိအကျမသိရသေးဟုလည်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

အမ်းချောင်းရေသည် ယနေ့စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းမှစတင်မြင့်တက်လာပြီး အမ်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောက်ကျင်းနှင့် အောက်ရွာတို့တွင်လည်း ချောင်းရေများဝင်လာနေပြီဟု သိရသည်။

အမ်းချောင်းရေ စိုးရိမ်ရေမှတ်နားသို့ရောက်လာ၍ အမ်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်းမှ ဒေသခံများသည်လည်း ဘေးလွတ်ရာကုန်းမြင့်ပိုင်းနေရာများသို့ ရွေ့ပြောင်းကြရန် ကြိုတင်ပြင်ဆင်နေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

အမ်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောက်ကျင်းမှ မြို့ခံတစ်ဦးက "မိုးဆက်ရွာမယ်ဆိုရင်တော့ စိုးရိမ်ရေမှတ်ရောက်နိုင်ပြီး ရေကြီး ရေလျှံနိုင်တယ်။ အခုလည်း မြေနိမ့်ပိုင်း ချောင်းနားကနေအိမ်တွေရေနစ်နေပြီ။ ဘေးလွတ်ရာပြောင်းရွေ့ကြဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်" ဟု ပြောသည်။

ယင်းအပြင် မိုးဆက်လက်သည်းထန်စွာရွာသွန်းပါက ရေကြီးရေလျှံလာနိုင်၍ ဒေသအာဏာပိုင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့တို့နှင့် မီးသတ်ဦးစီးဌာနတို့က ပြောင်းရွှေ့လာမည့်သူများအတွက် ကုန်းမြင့်ပိုင်းရှိ အဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် နေရာထိုင်ခင်းများ အဆင်သင့်ပြင်ဆင်ထားသည်ဟုလည်း သိရသည်။

အမ်းမြို့မှ အမည်မဖော်လိုသည့် လူမှုကူညီရေးများပြုလုပ်နေသူတစ်ဦးက "တကယ်လို့ ရေတက်လာရင် ကျွန်တော်တို့က နေရာထိုင်ခင်းတော့ အရင်လို ထမင်းတွေ၊ ဟင်းတွေကအစ ကျွေးမွေးဖို့ ကျွန်တော်တို့အဆင်အသင့်ပြင်ဆင်ထားပါတယ်" ဟု ပြောသည်။

ယင်းအပြင် ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အမ်းမြို့နယ်၊ ရူးစံပြကျေးရွာသို့ တောင်ကျချောင်းရေများဝင်ရောက်လာ မြေနိမ့်ပိုင်းမှ ဒေသခံ ၅၀ ဦးခန့်ကိုလည်း ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းရှိ ဆွေမျိုးများနေအိမ်များသို့ ပြောင်းရွေ့ထားရသည်ဟုလည်း သိရသည်။

တောင်ကုတ်နှင့် သံတွဲမြို့တို့တွင်လည်း မိုးသည်းထန်နေမှုကြောင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်နေကြပြီဟု သိရသည်။

ရခိုင်မှာ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်ကလည်း လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေတိုးလာ၍ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည်။

အလားတူ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်း၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်၊ မနက်အစောပိုင်းမှစတင်ကာ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင်လည်း ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ယနေ့ စက်တင်ဘာ ၁၂ ရက်၊ အမ်းချောင်းရေတိုးလာနေသည်ကို တွေ့ရစဥ်။ (Photo - Napo Lain)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!