ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

မောင်တောရှိနောက်ဆုံးလက်ကျန် နခခ(၅)အား AAက လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ မြေပြင်ထိုးစစ်ဆင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

(စစ်ကောင်စီမှ လေကြောင်းနှင့် ရေကြောင်းကနေ ခုခံကာကွယ်နေ)

နောင်မင်းသူ၊ နိရဉ္စရာ၊စက်တင်ဘာ ၁၃ /၂၀၂၄

ရခိုင်ပြည်၊မောင်တောမြို့နယ်တစ်ခုလုံး၌ နောက်ဆုံးလက်ကျန်နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)အား အာရက္ခတပ်တော် AA မှ စက်တင်ဘာလ ၁၀ ရက်နေ့မှစပြီး လက်ကြီးများဖြင့်အပြင်းအထန် ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေကြောင်း သိရသည်။

ဒေသခံတစ်ဦးက " ဒီလ ၁၀ ရက်နေ့က စပြီး အေအေက နခခ(၅)ကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်နေတဲ့ အသံတွေ ဆက်တိုက်ကြားနေရတယ်။ မနေ့ကလည်း ကြားရတယ်။ နခခ(၅) အပြီးသတ် တိုက်ပွဲလား မသိဘူး။ သိမ်းမယ်လို့တောသတင်း‌ တွေကြားရတယ်။ တိုက်ပွဲက လက်နက်ကြီး ပစ်သံတွေကို ကြားရပါ"ဟု ပြောကြားသည်။

စစ်ကောင်စီဖက်မှလည်း နခခ(၅)အနီးဝန်းကျင်အား ဂျက်တိုက်လေယာဉ်များဖြင့်နေစဉ်ရက်ဆက် ဗုံးကြဲမူများရှိနေပြီး ၊ နခခ(၅)မှလည်း ဓာတုအဆိပ်ဓာတ်ငွေ့ဗုံးများဖြင့်ပစ်ခတ်ခြင်း ၊ ရေတပ်မှ လက်နက်ကြီးများဖြင့် အဝေးကနေ လှမ်းပစ်ခတ်ပြီး ခုခံကာကွယ်ခြင်းများ ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ နခခ(၅)တပ်ရင်းမှ ဓာတုအဆိပ်ဓာတ်ငွေ့ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု  အာရက္ခတပ်တော် (AA) က သြဂုတ်လ၂၉ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။

မောင်တောမြို့အဝင်၊ မြို့သူကြီးရပ်ကွက်ရှိ  အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတပ်ရင်းအား ဘူးသီးတောင် အခြေစိုက်အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အဖြစ်သတ်မှတ် ပြီး အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲရေးမှူး တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ကိုယ်တိုင် ဦးဆောင်ကာ ခုခံနေကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှ သိရသည်။

ထိုလက်ကျန် စခန်းတစ်ခုဖြစ်သည့် နခခ (၅)  စခန်းအား အလံဖြူထောင် လက်နက်ချ အညံ့ခံရန် AA မှ ကမ်းလှမ်းထားကြောင်း သတင်းရင်းမြစ်က ပြောဆိုထားသည်။

အာရက္ခတပ်တော်သည် ဩဂုတ်လ ၄ ရက်နေ့မှ မောင်တောမြို့ မြေပြင်ထိုးစစ်ကို စတင်ခဲ့ပြီး လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များရှိ စစ်ကောင်စီ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရရှိထားပြီဟု သိရသည်။

AA တိုက်ခိုက်နေသည့် နခခ (၅) သည် မြေပြန့်တွင်တည်ရှိကာ ခြံစည်းရိုး သုံးထပ်အတွင်း မြေမြုပ်မိုင်းထောင်နှင့်ချီပြီး ထောင်ထားသည့်အပြင် လေယာဉ်များဖြင့် အချိန်ပြည့် စစ်ကူ တိုက်ခိုက်နေသဖြင့် တစ်ခြားစခန်းများထက် တိုက်ရ ပိုခက်ခက်ခဲနေသည်ဟု စစ်ရေးလေ့လာ အကဲခတ်သူ တစ်ဦးက ပြောဆိုသည်။

၎င်းပြင် စစ်ကောင်စီသည် နခခ(၅)  မကျစေရန် လေကြောင်းမှ အကြီးအကျယ် ခုခံကာကွယ်နေသလို လက်နက်နှင့် ရိက္ခာများကိုလည်း လေထီးဖြင့်ချကာ  ဖြည့်တင်းပေးနေကြောင်း မျက်မြင် မောင်တော ဒေသခံများက ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ကပ်ရပ်တည်ရှိသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီဘက်က နခခ(၅) စခန်းတစ်ခုတည်းသာ ကျန်ရှိနေပြီး အဆိုပါ စခန်းကို AA က မိုးတွင်းထိုးစစ်အဖြစ် ဆင်နွှဲလျက် ရှိနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

ဆက်စပ် သတင်းများ