သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်တွင် မြို့နယ်ရဲမှူးအငြိမ်းစား၏အိမ် ဖောက်ထွင်းခံရချိန် ဓားခုတ်ခံရ၍ ရဲမှူးဟောင်း လင်မယား ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၃ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် မြို့နယ်ရဲမှူးအငြိမ်းစားတစ်ဦး၏ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်သည့်သူများက အိမ်ပိုင်ရှင်ကို ဓားဖြင့်ခုတ်၍ ရဲမှူးဟောင်းနှင့်သူ၏ဇနီးတို့ ဒဏ်ရာပြင်းထန်ရရှိကာ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ ကျောက်တော်မြို့နယ်ရဲမှူးဘဝမှ အငြိမ်းစားယူထားသူ ရဲမှူးဟောင်း ဦးခင်မောင်(၆၆) နှစ်နှင့် သူ၏ဇနီးဖြစ်သူ ဒေါ်ခင်ဌေးမူ(၆၅)နှစ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါရဲမှူးအငြိမ်းစားလင်မယားမှာ လက်ရှိတွင် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်နောက်ဘက် ဓမ္မရက္ခိတောရကျောင်းတိုက်နှင့် ဓမ္မသီတဂူတောရ ကျောင်းတိုက်တို့အနီးရှိ အိမ်ရာမြေသစ်ချထားသည့်နေရာတွင် အိမ်ဆောက်နေထိုင်ကြသူများဖြစ်သည်။

စက်တင်ဘာလ ၁၁ ရက် ၊ ညဥ့် ၁၁ နာရီခွဲတွင် မျက်နှာဖုံးစွပ်ဖြင့် လူ ၄ ဦးထက်မနည်းက အဆိုပါနေအိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး အိမ်ရှင်များနဲ့ပက်ပင်းတိုးစဥ် ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးဟောင်း မိသားစုနှင့်နီးစပ်သူတချို့နှင့် မြို့ခံများကပြောသည်။

"ဖောက်ထွင်းခိုးယူဖို့လာတာလား။ ဓားပြတိုက်ဖို့လာတာလားဆိုတာတော့မသိနိုင်ဘူး။ အိမ်ရှင်တွေနဲ့တွေ့တော့ ဓားနဲ့ခုတ်ခဲ့တာ"ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ဓားဖြင့်ခုတ်ခဲ့၍ ရဲမှူးဟောင်းဦးခင်မောင်နှင့် ဇနီးဒေါ်ခင်ဌေးမူတို့နှစ်ဦးစလုံးမှာ ဦးခေါင်းပြတ်ရှဒဏ်ရာဖြင့် တောင်ကုတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သူက ဆက်ပြောသည်။

"ရဲမှူးမှာ ဦးခေါင်း ၅ ချက်ချုပ်ရတယ်။ သူ့မိန်းမမှာတော့ ဦးခေါင်းရှစ်ချက်ချုပ်ရတယ်လို့ သိရတယ်။ အသက်ဘေးတော့ ကံကောင်းလို့လွတ်သွားတာပေါ့"ဟု ပြောသည်။

အဆိုပါရဲမှူးဟောင်းနေအိမ်ဖောက်ထွင်းခံရမှုဖြစ်စဥ်အတွင်း ငွေကြေးနှင့် ရွှေလက်ဝတ်လက်စားများ ပါသွားခြင်းရှိမရှိကို နိရဥ္စရာအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် တောင်ကုတ်မြို့မရဲစခန်းကို ဖုန်းဖြင့်ဆက်သွယ်နေသော်လည်း အဆက်သွယ်မရရှိသေးပါ။

တောင်ကုတ်မြို့သည် လက်ရှိစစ်ကောင်စီက ထိန်းချုပ်ထားဆဲမြို့တစ်မြို့ဖြစ်သော်လည်း စစ်ကောင်စီအနေဖြင့် စစ်ရေးပြင်ဆင်မှုများနှင့်ပြည်သူလူထုနေထိုင်ရာရပ်ရွာများကို ဗုံးကြဲတိုက်ခိုက်မှုများကိုသာ အလေးထားလုပ်ဆောင်နေပြီး ခိုးဆိုးလုယက် ရာဇဝတ်မှုများအား မျက်ကွယ်ပြုထားကြောင်း မြို့ခံများက ပြောသည်။

ဓာတ်ပုံ - ရဲမှူးဟောင်းအိမ်ကို ဖောက်ထွင်းသူများကလှေကားထောင်ပြီးတက်ခဲ့သည်ကို ယနေ့ နံနက်က တွေ့ရစဥ်။ (Photo - Maung Htoo)




ဆက်စပ် သတင်းများ