ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲများအတွင်း သိမ်းဆည်းရမိသော ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

(သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ထားကြသော မိမိတို့ဘက်က အကျင့်ပျက် ဝန်ထမ်းအချို့တို့သည် အပြစ်ပေးအရေးယူထားသလို  ဆက်လက်ပြီးလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်) 

နိရဉ္စရာ၊ စက်တင်ဘာ ၁၃/ ၂၀၂၄

အာရက္ခတပ်တော် ( AA) သည် တိုက်ပွဲများကာလအတွင်း သိမ်းဆည်းရမိသော ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည် ပေးအပ်နေသလို  သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ထားကြသော သူများအားလည်း အပြစ်ပေးအရေးယူလျက် ရှိကြောင်း ယနေ့သတင်းထုတ်ပြန်သည်။  

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် “ အာရက္ခဒေသ၏ မြို့သိမ်းတိုက်ပွဲများကာလအတွင်း ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် လူ့အသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ထား ကြသော သူများအား အပြစ်ပေး အရေးယူထားပြီး မိမိတို့ထိန်းသိမ်းထားသောပစ္စည်းများကို ကာယကံရှင်များ လက်ထဲသို့ ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာ သတင်းထုတ်ပြန်ချက်”  ထဲတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ကြိုတင် တိုက်ပွဲရှောင်ခဲ့ရသည့် ဒေသခံပြည်သူလူထုများသည် ၎င်းတို့ပိုင်ဆိုင်သော ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိသော လေးလံပြီး ရွှေ့ပြောင်းသယ်ယူရန် အဆင်မပြေသော ထုထည်ကြီး ပစ္စည်းများ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်တွင် ဝှက်ထားချန်ရစ်ခဲ့သော ရွှေ၊ ငွေ အချို့တို့သည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရ သည်သာမက ပျောက်ဆုံးမှုများရှိကြသည်များကို စိတ်မကောင်းဖွယ် ကြားသိရပါကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့အတူ ဒေသခံပြည်သူတချို့၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများမှာ တိုက်ပွဲများအတွင်း နှင့် တိုက်ပွဲများ ပြီးဆုံးသည့်အချိန်တွင် ပျောက်ဆုံးမှုများ ရှိခဲ့သည်ကို ကာယကံရှင်များ၏ တိုင်တန်းချက် နှင့် မိမိတို့ ထောက်လှမ်းရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးချက်များအရ သိရှိလာရပါသည်။


ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ခိုးမှုများကိုကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက်တန်သော အပြစ်များပေး၍ အရေးယူထားပြီး ဖြစ်သကဲ့သို့ ခိုးယူထားသောပစ္စည်းများကို ပြန်လည် သိမ်းဆည်းရမိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။

မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တချို့သောနေရာများ၌ ပိုင်ရှင်များဝှက်ထားခဲ့သော ရွှေ၊ ငွေ အစရှိသော အဖိုးတန် ပစ္စည်းများကို မိမိတို့တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ပါသည်ဟု ဖော်ပြသည်။

ဥပမာ - ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထားခဲ့သည်ကို မိမိတို့ တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့သောကြောင့် အဆိုပါ ပစ္စည်းများအားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာများသည် တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်တွင် သိမ်းဆည်းထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်းမရှိပါက မိမိတို့၏ သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူး များထံတွင် မှန်မှန်ကန်ကန် သတင်းပေးပို့ကြစေလိုပါသည်။ သတင်းများပေးပို့ကြပါရန်ကိုလည်း တိုက်တွန်း အပ်ပါသည်။



အာရက္ခတပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရက္ခစစ်သည်တော် ကျင့်ဝတ်များ နှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့် ညွှန်ကြားထားပြီးဖြစ်ပါသည်။

သို့ရာတွင် မိမိတို့၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့တို့သည် လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက် ရှိသောကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမည် ဖြစ်သည်။

ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ဖော်ပြပါရှိသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!