ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

မြန်မာတွင်မတည်ငြိမ်၍ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့်အပေါ် ဗဟိုလိုင်လူငယ်အဖွဲ့ ထောက်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 910

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၄

မြန်မာနိုင်ငံတွင် ဒေသမတည်မငြိမ်မှုများဖြစ်နေ၍ အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ရန် အိန္ဒိယအစိုးရကစီစဥ်နေမှုအပေါ် ဗဟိုလိုင်လူငယ်အဖွဲ့(Central Young Lai Association-CYLA)က ထောက်ခံလိုက်သည်ဟု အိန္ဒိယသတင်းဌာန The Lawngtlai Post တွင် သတင်းဖော်ပြသည်။

အိန္ဒိယအစိုးရ၏ ပြည်ပရေးရာဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B Shyam နှင့် လောင်တလိုင်ခရိုင်ရှိ အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် CYLA ခေါင်းဆောင်များသည် စက်တင်ဘာလ ၁၂ ရက်တွင် အိုင်ဇောလ်မြို့ State Guest House ၌ တွေ့ဆုံခဲ့ကြစဥ် ယခုကဲ့သို့ ထောက်ခံကြောင်းပြောဆိုခဲ့သည်ဟု The Lawngtlai Post တွင် ယင်းနေ့က ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရ၏စီစဥ်နေမှုမှာ အမှန်တကယ် လိုအပ်ပြီး မီဇိုရမ်ပြည်နယ်တွင်း မှောင်ခိုလုပ်ငန်းများနှင့် မှုခင်းများ လျော့ကျနိုင်မည်ဟုမျှော်လင့်ကြောင်းလည်း CYLA အဖွဲ့ ခေါင်းဆောင်များက ပြောဆိုခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ယခုလိုနယ်စပ်ခြံစည်းရိုးခတ်လိုက်သော်လည်း စစ်ဆေးရေးဂိတ်များရှိဦးမည်ဖြစ်၍ တရားဝင်ခရီးသွားလာမှုများကို အဟန့်အတားဖြစ်စေမည် မဟုတ်ဟုလည်း CYLA အဖွဲ့က ထောက်ပြခဲ့ကြောင်း သိရသည်။

ယင်းအပြင် အိန္ဒိယနှင့် မြန်မာပြည်၊ စစ်တွေအထိဆက်သွယ်ဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းအခြေအနေများနှင့်ပတ်သက်၍လည်း CYLA က ဆွေးနွေးခဲ့သည်ဟု သိရသည်။

အိန္ဒိယအစိုးရ၏ ပြည်ပရေးရာဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B Shyam ကလည်း CYLA ၏ တင်ပြဆွေးနွေးချက်များမှာ အရေးပါကြောင်း ပြောဆိုခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံတွင် မတည်မငြိမ်မှုများဖြစ်ပွားနေပြီ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများရှိလာနေ၍ဟုဆိုကာ မီဇိုရမ်ပြည်နယ်အတွင်း နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံရန် အိန္ဒိယအစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင် စီစဥ်နေခြင်းဖြစ်သည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီအစဉ်နှင့် နယ်စပ်ဒေသ လွတ်လပ်စွာ သွားလာခွင့်ပိတ်ပင်မည့် အိန္ဒိယ ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို မီဇိုရမ်ပြည်နယ်ရှိ နယ်စပ်ကျေးရွာများတွင် မကြာခဏ ဆန္ဒပြကန့်ကွက်မှုများရှိနေသည်ဟု သိရသည်။

ယခုထောက်ခံလိုက်သည့် CYLA အဖွဲ့သည် မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်၊ ကျောက်တော်မြို့သို့ စားနပ်ရိက္ခာများအပါအဝင် ကုန်ပစ္စည်းများသယ်ယူနေကြမှုကို ပြီးခဲ့သည့် ဇွန်လမှစတင်ကာ တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသည့်အဖွဲ့ဖြစ်သည်။

လက်ရှိအချိန်အထိ ရခိုင်သို့ စားနပ်ရိက္ခာတစ်ခုတည်းကိုသာ သယ်ဆောင်ခွင့်ပြုထားပြီး ဆေးဝါး၊ စက်သုံးဆီ၊ ဓာတ်မြေသြဇာနှင့် လျှပ်စစ်ပစ္စည်းများကို သယ်ဆောင်ခွင့်တားမြစ်ထားသည်။

ဓာတ်ပုံ - အိန္ဒိယ-မြန်မာနယ်စပ် မိုးရေ-တမူးနယ်စပ်စည်းရိုးအား တွေ့ရစဥ်။ (Photo-EPA)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!