ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

စစ်ရေးတင်းမာနေသည့်ကျောက်ဖြူတွင် ဆရာဝန်အချို့ ပြောင်းရွေ့သွား၍ ဒေသခံများ အခက်တွေ့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 736

နှင်းနွယ်နီ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၄

စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆေးရုံကြီး၌ တာဝန်ကျနေသော ဆရာဝန်ကြီးတချို့ အပြောင်းတင်ကာ ပြောင်းရွေ့သွားကြသည့်အတွက် ကျန်းမာရေးမကောင်းသူများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ကျောက်ဖြူဆေးရုံမှ သားဖွားမီးယပ်အထူးကု၊ ဦးနှောက်နှင့် အာရုံကြောဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နှင့် ကလေးအထူးကုဆရာဝန်တို့မှာ အပြောင်းတင်ပြီး ပြီးခဲ့သည့် ဇူလိုင်လခန့်မှစတင်ကာ ပြောင်းရွေ့သွားကြသည့်အတွက် လက်ရှိတွင် ကျောက်ဖြူဒေသခံများမှာ ကျန်းမာရေးအတွက် စိုးရိမ်နေကြခြင်းဖြစ်သည်။

ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက “ပြီးခဲ့တဲ့ နှစ်လတုန်းက ခွဲထားတဲ့နေရာက နာလို့ ဆေးခန်းသွားပြတုန်းက OG ဆရာဝန်ကြီးက ပြောင်းသွားပါပြီ။ သူ့လက်ထောက်နဲ့ပဲ ပြခဲ့ရပါတယ်။ ကံကောင်းလို့ ကျမမှာ သားအိမ်ရောင်နေတာလောက်ပဲဆိုတော့ ဆေးသောက်ပြီး အဆင်ပြေသွားတယ်။ ခွဲရမှာဆို မလွယ်ဘူး၊ ဆရာဝန်ကြီး မရှိတော့” ဟုပြောသည်။

ထို့အပြင် စစ်ကောင်စီက ကျောက်ဖြူမြို့သို့ ဆေးဝါးသယ်ဆောင်ခွင့်ကိုပါ တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသည့်အတွက် ဆေးဝါးရှားပါးနေပြီး နာတာရှည်ရောဂါကြောင့် ဆေးဝါးမှီဝဲနေရသူများ အခက်အခဲဖြစ်နေကြသည်ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

ဆေးရုံကြီးမှာလည်း ဆေးဝါးအလုံအလောက်မရှိဘူးလို့ သိရတယ်။ တီဘီရောဂါကုတဲ့ဆေးလည်း မရှိဘူး။ HIV ရောဂါသည်တွေ‌သောက်တဲ့ ART ဆေးတွေလည်း မရှိဘူး။ သောက်မယ့်သူမှာ အချိတ်အဆက်တွေနဲ့ ရန်ကုန်က မှာပြီး သောက်သူသောက်၊ ရန်ကုန်ကိုတက်သွားပြီး ကိုယ့်ဟာကိုယ် သွားဝယ်သူကဝယ်၊ အဲလို ရှာကြံသောက်နေရတာပေါ့။ ပြင်ပက ဆိုင်တွေမှာရှိတဲ့ အိမ်သုံးဆေးဝါးတွေလည်း တအားစျေးတက်နေတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိနေပြီး ဆရာဝန်များကိုပါ စစ်ကောင်စီက စောင့်ကြည့်နေခြင်းများရှိနေသည့်အတွက် ရန်ကုန်သို့ ပြောင်းရွေ့ခွင့်များတင်ကာ ပြောင်းနေကြခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးက ဆက်ပြောသည်။

ကျမသွားပြတုန်းကတောင် ဆရာဝန်တွေ၊ သူနာပြုတွေက ကျောက်ဖြူမှာ သိပ်မနေရဲဘူး၊ ရန်ကုန်ဘက်ကို ပြောင်းတော့မယ်လို့ ပြောနေတာကြားခဲ့တယ်။ နေမကောင်းဖြစ်ရင်လည်း ဆရာဝန်တွေက အရင်လို ဂရုစိုက်မှုတွေက သိပ်မရှိတော့ဘူး။ ကျောက်ဖြူမှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြတာရော၊ စစ်ကောင်စီနဲ့ ငြိမှာကိုရော စိုးရိမ်ပြီးတော့ ပြောင်းဖို့ပဲ စီစဥ်နေတယ်လို့ ကြားတယ်” ဟုဆိုသည်။

ကျောက်ဖြူမြို့နယ်မှ ဒေသခံများ မြို့ပေါ်သို့ဆေးကုရန် လာမည်ဆိုလျှင်လည်း လမ်းစရိတ်အတွက် ငွေကုန်ကြေးကျများခြင်းနှင့် စစ်ကောင်စီဂိတ်ကို ငွေးကြေးပေးကာ ဖြတ်သန်းကြရသည့်အတွက် ငွေကြေးမတတ်နိုင်သူများမှာ ကိုယ့်ရပ်ရွာတွင် ရောဂါကို ကြိတ်မှိတ်ခံစားနေရသည်ဟု ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

မြို့ပေါ်မှာ ဆရာဝန်ကြီးတချို့လည်း ပြောင်းသွားတယ်လို့ကြားတဲ့အတွက် နယ်က ဆေးမှူးတွေနဲ့ ပြကြတယ်။ အနာနဲ့ဆေး တည့်တည့်မကျကြဘူး။ မြို့ပေါ်ကိုသွားမယ်ဆိုရင်လည်း စစ်ကောင်စီကို ဂိတ်ဖြတ်ကြေး ၁ သိန်းခွဲပါ ပေးကြရတော့၊ ငွေကုန်ကြေးကျများတယ်ဆိုပြီး မြို့ပေါ်မရောက်ဘဲ ရောဂါကို ကြိတ်ခံစားနေကြရတဲ့သူတွေ များနေတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် AA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ရခိုင်တစ်ပြည်လုံးရှိ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ပြီး ဆေးဝါးနှင့် ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားခဲ့သည်။

ထို့ကြောင့် ရခိုင်ပြည်သူများမှာ စားနပ်ရိက္ခာရှားပါးခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းနှင့် တစ်နေရာနှင့် တစ်နေရာ လွတ်လွတ်လပ်လပ် သွားလာခွင့်မရခြင်းများကို ကြုံတွေ့နေကြရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!