ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

သံတွဲတွင် အမျိုးသမီးတစ်ဦး စစ်ကျန်ဗုံးသီးကို ထုမိရာမှ ခြေနှစ်ချောင်းနှင့် လက်နှစ်ချောင်းလုံး ပြတ်ထွက်သွား (အသက်အန္တရာယ် စိုးရိမ်နေရဟုဆို)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဟင်းရှာသွားသည့် အမျိုးသမီးတစ်ဦးသည် စစ်ကျန်ဗုံးသီးကိုထုမိရာမှ ပေါက်ကွဲမှုဖြစ်၍ ခြေနှစ်ချောင်းနှင့်လက်နှစ်ချောင်းစလုံး ပြတ်ထွက်သွားပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု သိရသည်။

ဒဏ်ရာအပြင်းအထန်ရရှိသွားသူမှာ သံတွဲမြို့နယ်၊ ဒေါ်မြကျေးရွာမှ ဒေါ်မိထောထော (၅၆)နှစ်ဖြစ်သည်။

သူမသည် စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက ဒေါ်မြကျေးရွာအနီးရှိ တောထဲတွင် ဟင်းရှာသွားစဥ် စစ်ကျန်ဗုံးသီးတစ်လုံးကိုတွေ့ရှိ၍ မတော်တဆ ထုမိရာမှ ယခုကဲ့သို့ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်သည်ဟု သံတွဲဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

"အဲဒီတောမှာ သံတွဲတိုက်ပွဲအတွင်းက စစ်ကျန် ဗုံးသီးတွေမြှုပ်ထားတာကျန်နေသေးတယ်။ မပေါက်သေးတဲ့ ဗုံးတစ်လုံးတွေ့တော့ ကောက်ထုလိုက်တာမှာ အခုလိုဖြစ်သွားတာပါ"ဟုပြောသည်။

ဒေါ်မိထောထောတွင် ဒူးဆစ်အောက်ခြေနှစ်ဖက်စလုံးနှင့် တံတောင်ဆစ်အောက်မှ လက်နက်ဖက်စလုံး ပြတ်ထွက်သွားသည်ဟု ဆိုသည်။

ဒဏ်ရာပြင်းထန်သည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်းလည်း ကူညီဆောင်ရွက်ပေးနေသည့် သံတွဲဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။ 

"ဒဏ်ရာတော်တော်ပြင်းတယ်။ အရေးပေါ်ဆေးကုသမှုခံနေရတယ်"ဟုပြောသည်။

ရခိုင်တွင် AA က အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများနှင့် တောတောင်များတွင် မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်အကြွင်းပစ္စည်းများကျန်ရှိနိုင်၍ သတိထားသွားလာကြရန်လည်း အာရက္ခတပ်တော်(AA)က တိုက်တွန်းထားသည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ