ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၆/ ၂၀၂၄
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာမှကျေးရွာသားများကို စစ်ကောင်စီတပ်က ရွာမှအတင်းအဓမ္မနှင်ထုတ်ထားသည်ဟု သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်၊ မနက်ပိုင်းမှစတင်ကာအင်အားအများအပြားပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေပြည်သာကျေးရွာသို့လက်နက်များကိုင်ဆောင် ရောက်ရှိလာကြပြီး ရွာသားများကို ရွာမှ ထွက်သွားကြရန် ညနေ ၆နာရီအထိ အတင်းအဓမ္မနှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ရွှေပြည်သာကျေးရွာမှ ရွာသားတစ်ဦးက "မနေ့ကနေ နှင်ထုတ်တာ။ ရွှေပြည်သာမှာမနေရတော့ဘူးဆိုပြီးတော့လေ။ ရွာလုံးကျွတ်ကိုနှင်ထုတ်နေတာ။ အရေးကြီး ပစ္စည်းတွေရှိရင် တခါတည်းအပါယူသွား။ မနေ့ကတစ်ရက်ပဲဝင်ထွက်ခွင့်ပေးတယ်။ ပစ္စည်းတွေပြောင်းခိုင်းတယ်"ဟု ပြောသည်။
စစ်ကောင်စီတပ်က ယင်းသို့နှင်ထုတ်သော်လည်း အခြေချနေထိုင်ရန်နေရာထိုင်ခင်းများ မစီစဥ်ပေးသည့်အတွက် ဒေသခံများမှာ နေထိုင်ရာအခက်အခဲဖြစ်နေကြသည်ဟုသိ၇သည်။
လက်ရှိတွင် စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများ၊နီးစပ်ရာဆွေမျိုးအိမ်များနှင့် မင်းဂံရပ်ကွက်ရှိကျူးကျော်တဲများတွင်ခိုလှုံနေထိုင်နေရကြောင်းလည်း ရွှေပြည်သာကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
"ရွာကနှင်ထုတ်ပြီးတော့ နေစရာနေရာတွေစီစဥ်ပေးလားဆိုတော့လည်း ဘာမှမစီစဥ်ပေးဘူး။ ဒီအတိုင်း ဘာမှလည်းမလုပ်ပေးဘူး။သက်သက်မဲ့ဒုက္ခပေးတာ။ အခုမိုးရာသီလေ။ ရွာကနှင်ထုတ်တော့ဘယ်နေရာမှဘယ်လိုနေရမလဲမသိတော့တာနဲ့ ဆရာတော်တွေဆီ ခွင့်တောင်းပြီးတော့ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေ၇ပါတယ်" ဟု ပြောသည်။
ယနေ့စက်တင်ဘာလ ၁၆ ရက်တွင်လည်း ဆတ်ရိုးကျတံတားကျော်ပြီးရွှေပြည်သာကျေးရွာဘက်သို့ ဖြတ်သွားဖြတ်လာလုပ်ကြသူ မည်သူ့ကိုမဆို စစ်ကောင်စီတပ်က ပစ်မိန့်ထုတ်ထားသည်ဟု သတင်းများလည်းထွက်ပေါ်နေကြောင်းဒေသခံများက ပြောသည်။
ယင်းသတင်းထွက်ပေါ်နေ၍ ရွှေပြည်သာကျေးရွာမှ ဒေသခံများမှာနေအိမ်များတွင်ကျန်ရှိနေသည့် ပစ္စည်းများအား ပြောင်းရွေ့ယူဆောင်ရန်မသွားရဲတော့ကြောင်းလည်း သိ၇သည်။
ရွာမှနှင်ထုတ်ခံထားရသည့် ရွှေပြည်သာကျေးရွာသားများမှာဆွေမျိုးများရှိရာ တစ်ခြားတစ်မြို့များသို့သွားရောက်ခိုလှုံချင်သော်လည်းစစ်ကောင်စီတပ်က စစ်တွေမြို့မှ ထွက်ခွင့်မပေးဘဲ လမ်းများအားလုံးပိတ်ဆို့ထားသဖြင့်အခက်အခဲဖြစ်လျက်ရှိသည်ဟုလည်း သိ၇သည်။
စက်တင်ဘာလအစပိုင်းတုန်းကလည်း စစ်တွေမြို့နယ်ရှိကျေးတောကျေးရွာ၊ ပိုက်ဆိပ်ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်ကရွာတွင်မနေခိုင်းဘဲ ရွာလုံးကျွတ်ကို အတင်းအဓမ္မနှင်ထုတ်ထားကြောင်းလည်း သိ၇သည်။
ထိုသို့ကျေးရွာသားများကို စစ်ကောင်စီတပ်ကရွာမှအတင်းအဓမ္မနှင်ထုတ်ခြင်းသည် အဆိုပါကျေးရွာများတွင်စစ်အင်အားတိုးချဲ့ကာအခြေစိုက်တပ်စခန်းများတိုးချနေထိုင်ရန်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။
အလားတူ ရွာသားများကိုလည်း စစ်တွေမြို့တွင်းတွင်စုပြုံထားပြီး စစ်တွေမြို့ကို အာရက္ခတပ်တော်(AA)ဝင်တိုက်လာပါက မြို့တွင်းရှိပြည်သူများကို လူသားဒိုင်းကာအဖြစ်အကာအကွယ်ယူလို၍ ယခုကဲ့သို့ပြင်ဆင်ခြင်းဖြစ်သည်ဟုစစ်တွေမြို့ခံတစ်ဦးက ပြောသည်။
"စစ်တွေမြို့မှာ စစ်ကောင်စီတပ်ကကမ်းခြေတစ်လျှောက် ခြံစည်းရိုးကာတယ်။ အခုလည်း ရွာတွေက လူတွေကိုနှင်ထုတ်ပြီးစစ်တွေမြို့မှာစုအောင် ကြံဖန်လုပ်ဆောင်နေတာက AA က စစ်တွေမြို့ကိုတိုက်ခိုက်လာရင် ပြည်သူတွေကိုအကာအကွယ်ယူဖို့အတွက် လုပ်ဆောင်နေတာ။ပြည်သူတွေအများကြီးစုပြီးရှိနေရင် AA ကဝင်မတိုက်တော့ဘူးအထင်နဲ့လုပ်နေတာလို့ မြင်တယ်" ဟုပြောသည်။
ရွှေပြည်သာကျေးရွာသည် စစ်တွေမြို့၏မြောက်ဘက်၊ဆတ်ရိုးကျချောင်းတစ်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ခန့်နှင့် လူဦးရေ ၅၀၀ ခန့်ရှိသည်ဟု သိ၇သည်။
လက်ရှိတွင် AA နှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားနေသည့်နှစ်ဖက်တိုက်ပွဲများကြောင့် ရွာသားအများစုမှာလွတ်မြောက်နယ်မြေများနှင့် ရန်ကုန်မြို့များသို့ နေရပ်စွန့်ခွာတိမ်းရှောင်သွားကြပြီဖြစ်၍ ကျေးရွာအတွင်း လူဦးရေ ၂၀၀ ကျော်ခန့်သာရှိတော့ကြောင်းစုံစမ်းသိ၇သည်။
စစ်တွေမြို့နယ်ရှိဗျိုင်းဖြူကျေးရွာမှရွာသားများကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့်မေလအတွင်းကျေးရွာမှနှင်ထုတ်ပြီး ရွာသား ၇၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ ရွာသားရာနှင့်ချီကိုလည်းပုဒ်မအမျိုးမျိုးတပ်၍ ထောင် ၃ နှစ်စီချမှတ်ထားသည်ဟု သိ၇သည်။