ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မှ ရေဘေးသင့်အိမ်ထောင်စု ၃၅၀ ကျော်ကို ဗြဟ္မစိုရ်ဖောင်ဒေးရှင်းက ဆန်လှူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 329

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၆ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့ပေါ်မှ ရေဘေးသင့်အိမ်ထောင်စု ၃၅၀ ကျော်အတွက် ဗြဟ္မစိုရ်လူမှုကူညီရေးဖောင်ဒေးရှင်းက ဆန်လှူဒါန်းပေးခဲ့သည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် တောင်ကုတ်မြို့ပေါ်မှ ချောင်းကောက်၊ ဆေးရုံကွက်သစ်၊ မီးစက်ကွက်သစ်၊ ညဈေး၊ သိမ်တောင်နှင့် ကိုင်းရှည်ရပ်ကွက်များမှ အိမ်ထောင်စု ၃၅၃ စုအတွက် ယမန်နေ့စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်စီ သွားရောက်
လှူဒါန်းပေးခဲ့ကြောင်း ဗြဟ္မစိုရ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးပုညနန္ဒက မိန့်ကြားသည်။

"အနိမ့်ပိုင်းရပ်ကွက်က ရေဘေးသင့်တဲ့ပြည်သူတွေရယ်။ ချက်စရာဆန်မရှိတဲ့အိမ်ထောင်စုတွေကို လှူခဲ့တယ်" ဟု မိန့်သည်။

စက်တင်ဘာလ ၁၀ ရက်မှစတင်ပြီး မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကုတ်မြို့မဈေးကြီး၊ တောင်ကုတ်အမ်းလမ်းမကြီးအပါအဝင် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်ငယ်များတွင် တောင်ကျချောင်းရေဝင်ရောက်ပြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။



ယင်းအထဲမှအနိမ့်ပိုင်းရပ်ကွက်တချို့ဆိုလျှင် ရေ ၄ ပေမှ ၅ ပေအထိ ဝင်ရောက်ပြီး နေအိမ်များနစ်မြုပ်မှုကြုံခဲ့ရကြောင်း သိရသည်။

အဆိုပါရပ်ကွက်များတွင် စက်တင်ဘာလ ၁၃ ရက်က ရေများပြန်ကျသွားကြောင်း မြို့ခံများက ပြောသည်။

 

ဓာတ်ပုံ -  ဗြဟ္မစိုရ်ဖောင်ဒေးရှင်း

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!