Preview

စစ်တွေတွင် စစ်တပ်က ဖမ်းဆီးထား၇သူများအထဲက အမျိုးသမီးနှင့် ကျောင်းသားများအပါအဝင် ၂၀ ကျော်ခန့် ပြန်လည်လွတ်မြောက်လာ

စက်တင်ဘာ ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :1618
ရခိုင် သတင်း

စောရှင်မေ၊နိရဉ္စရာ၊ စက်တင်ဘာ ၁၆/၂၀၂၄

ရခိုင်ပြည်၊စစ်တွေမြို့တွင် စစ်ကောင်စီကဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့် ကျောင်းသားများအပါအဝင်၂၀ ကျော်ခန့် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိ၇သည်။

လွတ်မြောက်လာသူများတွင်အမျိုးသမီး ၂ ဦးနှင့်Grade - (11)၊ Grade - (12) ကျောင်းသား အချို့နှင့် အသက်၇၀ ကျော်အရွယ်အမျိုးသားများ အပါအဝင် စုစုပေါင်း လူဦးရေ ၂၀ ကျော်ခန့်ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

သူတို့ကိုပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်၊ ည ၈ နာရီကျော်ခန့်တွင် စစ်တွေမြို့မရဲစခန်းမှ အချုပ်ခန်းတွင် လူမဆံ့၍ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသူက နိရဉ္စရာသို့ ပြောသည်။

"သူတို့ (စစ်ကောင်စီ)က လွှတ်ချင်တဲ့သူတွေကို လွှတ်ပေးတာ။ အချုပ်ခန်းမှာ လူမဆံ့လို့ လွှတ်ပေးတယ်လို့တော့သိရတယ်။  အထဲမှာတောင် ကျောင်းသား တစ်ယောက် ရှိသေးတယ်လို့ကြားတယ်။ပြီးရင် အသက် ၅၀၊ ၆၀ အရွယ်တွေလည်း ရှိသေးတယ်"ဟု ပြောသည်။

လွတ်မြောက်လာသူများအနက်အမျိုးသမီး ၂ ဦးမှာ လမ်းမတော်ရပ်ကွက်မှဖြစ်ပြီး အခြား သူများမှာရွှေပြားရပ်ကွက်မှဖြစ်သည်ဟု ဆိုသည်။

"လမ်းမတော်က အမျိုးသမီး ၂ ယောက်ကတော့ရွှေပြားက ယောက်က္ခမအိမ်ကို သွားလည်တုန်း လမ်းကနေ အဖမ်းခံလိုက်၇တာ"ဟုနီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၁၃ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား ရ စီးဖြင့် စစ်တွေရှိ ရွှေပြား၊ မိဇံ၊တရားသီးစုရပ်ကွက်တို့အပါအဝင် စစ်တွေမြို့ စာတိုက်အနီးရှိ သူနာပြုအိမ်ရာအနီးမှနေ၍မိဇံကမ်းနားလမ်းတောက်လျှောက်မှ လူဦးရေ ၇၀ ကျော် ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူများအထဲတွင် မိဇံကမ်းနားလမ်းတွင် ကုန်ထမ်းနေသူများ၊ စစ်တွေတွင်အိမ်စောင့်ကျန်ခဲ့သူများနှင့် လမ်းသွားလမ်းလာများ ပါဝင်သည်။

အဆိုပါဖမ်းဆီးခံ၇သူများအနက်၂၀ ကျော်မှာ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

မလွတ်မြောက်ဘဲကျန်ရှိသေးသူများတွင်ဆယ်ကျော်သက်အရွယ်မှ အသက် ၆၀ ဝန်းကျင်ခန့် အထိပါဝင်ပြီး စစ်တွေမြို့မရဲစခန်းတွင် နှိပ်စက်၊ ရိုက်နှက်၊မေးမြန်းခံရမှုများလည်း ရှိနေကြောင်းရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ရဲစခန်းမှာရိုက်ပြီးမေးတာသွားကျိုးတဲ့လူတွေတောင်ရှိပါတယ်။ ကုန်ထမ်းတဲ့သူတွေကိုလည်း မင်းကုန်ထမ်းတာဘယ်လောက်ရှိပြီးလဲဆိုပြီး ရိုက်ပြီးမေးတယ်တဲ့။ မိသားစုနဲ့လည်းတွေ့ခွင့်မ၇ဘူး"ဟုပြောသည်။

ယခုကဲ့သို့ အကြောင်းမဲ့ဖမ်းဆီးမှုများကြောင့် စစ်တွေမြို့နေပြည်သူများအနေဖြင့် အထူးစိုးရိမ်စရာဖြစ်နေကြရသည်ဟု ဆိုသည်။  

စစ်တွေမြို့ပေါ်တွင်လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော် စစ်တွေမြို့နယ် အရှေ့မြောက်ဘက်ရှိ မင်းလှကျေးရွာတွင် စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်တို့သည် ဩဂုတ် ၂၉ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ရေးတင်းမာလျက်ရှိနေသည်ဟု သိ၇သည်။

အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီ အလောင်း ၃၀ကျော်နှင့် လက်နက် ၅၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခကပြောဆိုထားသည်။

ထိုသို့စစ်တွေတွင် စစ်ရေးတင်းမာနေချိန်ရဲနှင့်စစ်တပ်သည် အပြစ်မဲ့ အရပ်သားများအား အကြောင်း အမျိုးမျိုးပြကာ ဖမ်းဆီးနေသည်ဟုဒေသခံများက ပြောသည်။

အချို့ဖမ်းဆီးခံရသူများကိုငွေကြေးဖြင့် ရွေးခိုင်းပြီးပြန်လွှတ်ပေးမှုများရှိသလို အချို့မှာလည်းငွေကြေး မတတ်နိုင်သဖြင့် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီသည်စစ်တွေမြို့အား နောက်ဆုံးခံတပ်အဖြစ်စစ်ရေးအရ အကြီးအကျယ် ပြင်ဆင်နေပြီးကမ်းနားလမ်း တောက်လျှောက်ကိုလည်းခြံစည်းရိုးခတ်ထားကာ လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးနေသည်ဟု သိရသည်။

မြို့သူမြို့သားများကိုလည်း မြို့ကနေ ထွက်သွား၍မရအောင် ပိတ်ဆို့ထားပြီး ဓားစာခံများအဖြစ်အသုံးချထားသည်ဟု သိ၇သည်။ (ဓာတ်ပုံ- လက်ရှိ စစ်တွေမြင်ကွင်း)

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.