Preview

ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များထဲမှထူးချွန်သူများကိုအသိအမှတ်ပြု ရွေးချယ်ချီးမြှင့်သည့် ၂၀၂၄ခုနှစ်အတွက်"The Falling Walls Sciences Award" ဆုကို ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှအား ချီးမြှင့်

စက်တင်ဘာ ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :6869
ရခိုင် သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၆/၂၀၂၄

ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်များထဲမှထူးချွန်သူများကိုအသိအမှတ်ပြု ရွေးချယ်ချီးမြှင့်သည့်၂၀၂၄ခုနှစ်အတွက်"The Falling Walls Sciences Award" ဆုကို သိပ္ပံပညာရှင် ပရော်ဖက်ဆာ ဒေါက်တာစောဝေလှ ချီးမြှင့်ခံရကြောင်း အိုဟိုင်းအိုးတက္ကသိုလ်မှသတင်းထုတ်ပြန်ချက်အရ သိ၇သည်။

အိုဟိုင်းအိုးတက္ကသိုလ်မှ သိပ္ပံပညာရှင်ဒေါက်တာ စောဝေလှသည်ရူပဗေဒဘာသာရပ်တွင် ထူးခြား ဆန်းသစ်စွာ လုပ်ဆောင်ပြနိုင်ခဲ့သည့်အတွက်"2024 Falling Walls - Physical Sciences" ဆုရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့၇သည်ဟု စက်တင်ဘာ(၁၂)ရက်က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၄ခုနှစ်အတွက် Falling Walls Science" ဆု အတွက် "Life Sciences" ၊ "PhysicalSciences" ၊ "Engineering & Technology" ၊ "SocialSciences & Humanities" ၊"Art & Science"နှင့် "Women'sImpact Award" ဟူ၍ ဆုအမျိုးအစားပေါင်း(၆)ဆုချီးမြှင့်ရာတွင်ဒေါက်တာ စောဝေလှသည် " ရူပဗေဒသိပ္ပံ"( PhysicalSciences)အမျိုးအစားအတွက်ချီးမြှင့်ခံ၇ခြင်းဖြစ်သည်။

ဆုများကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း Falling Walls ဖောင်ဒေးရှင်းအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဒေါက်တာစောဝေလှသည်အိုဟိုင်းယိုးတက္ကသိုလ်မှ ရူပဗေဒပါမောက္ခတစ်ဦးဖြစ်ပြီး၊ Argonne အမျိုးသားဓါတ်ခွဲခန်းမှ ရူပဗေဒပညာရှင်တစ်ဦးလည်းဖြစ်သည်။

၄င်းသည်အိုဟိုင်းယိုး တက္ကသိုလ်၏ အကြီးမားဆုံးသော သင်ကြားရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Nanoscaleနှင့်Quantum Phenomena Institute ၏ ဒါရိုက်တာလည်းဖြစ်သည်။

ထို့အပြင်ပရော်ဖက်ဆာဒေါက်တာစောဝေလှ သည် ရခိုင်လူမျိုးသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့အတော်ဆုံးသိပ္ပံပညာရှင် (၁၀၀)ဦးတွင်တစ်ဦးအပါအဝင်လည်းဖြစ်သည်။

ရခိုင်လူမျိုးသိပ္ပံပညာရှင် ဒေါက်တာစောဝေလှဦးဆောင်သည့်သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ပထမဆုံးအက်တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ၇ယူနိုင်သည့်နည်းပညာအသစ်အား၂၀၂၃ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည်။

၄င်းသည်X-ray ကိုအသုံးပြု၍အက်တမ်တစ်လုံး၏ပုံတစ်ပုံကို ကမ္ဘာပေါ်တွင် ပထမဆုံး ဖမ်းယူနိုင်ခဲ့ပြီး၊အံ့အားသင့်ဖွယ်ရှာဖွေတွေ့ရှိမှုကို ပထမဆုံးပြုလုပ်ပြသနိုင်ခဲ့သည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

ဒေါက်တာစောဝေလှက"တစ်ကမ္ဘာလုံးမှာရှိကြတဲ့ထိပ်တန်းသိပ္ပံပညာရှင်တွေကြားမှာ အခုလို ဂုဏ်ပြုခံရတာဟာ အံ့သြစိတ်လှုပ်ရှားစရာပါပဲ၊ အခုလိုအသိအမှတ်ပြုမှုဟာ အိုဟိုင်းယိုးတက္ကသိုလ်နဲ့ Argonne အမျိုးသားဓာတ်ခွဲခန်းမှာရှိကြတဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့စုပေါင်းကြိုးပမ်းအားထုတ်မှုနဲ့ သိပ္ပံအသိုက်အဝန်းမှကျွန်တော် တို့ရရှိထားတဲ့ ပံ့ပိုးကူညီမှုများကို ထင်ဟပ် စေပါတယ်။ အခုလိုအသိအမှတ်ပြုမှုအတွက် ကျေးဇူးလည်းတင်ပါတယ်”ဟု ပြောဆိုသည်။

အမေရိကန်နိုင်ငံအိုဟိုင်းအိုတက္ကသိုလ်မှ ဒေါက်တာစောဝေလှဦးဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့ကတွေ့ရှိခဲ့မှုဖြစ်သည့် အက်တမ်တစ်လုံးချင်းစီကိုထောက်လှမ်းနိုင်မှုသည် ဆေးသုတေသန၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရပ်နှင့်လုံခြုံရေးဆိုင်ရာနယ်ပယ်များအတွက် များစွာအကျိုး သက်ရောက်မှုများရှိမည်ဖြစ် သည်။

ဥပမာအားဖြင့်၊ဤနည်းပညာသည် အဏုမြူအဆင့်ရှိ ရောဂါများအကြောင်း သိရှိနားလည်မှုကိုမြှင့်တင်ပေးနိုင်ရုံမျှမက လုံခြုံရေးအစီအမံများကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကိုပိုင်းခြားခဲ့သည့် သင်္ကေတဖြစ်သောဘာလင်တံတိုင်းကို ဂုဏ်ပြုပြီး "တံတိုင်းများပြိုလဲခြင်း""Falling Walls" ဖောင်ဒေးရှင်းကို ၂၀၀၉ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

သိပ္ပံပညာဆိုင်ရာတိုးတက်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာလ (၉)ရက်နေ့တွင် ဆုများ စတင် ချီးမြှင့်ခဲ့သည်။

ယခုနှစ်တွင်ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်း (၃၀၀)ကျော်မှ အမည်စာရင်းတင်သွင်းခံရသူ သိပ္ပံ ပညာရှင်ပေါင်း(၁၁၀၀) ကျော်ကို "Falling Walls" ဆုများအတွက်ထည့်သွင်းစဉ်းစားခဲ့သည်။

(Physical Sciences)"ရူပဗေဒသိပ္ပံ"ကဏ္ဍဆုအမျိုးအစားတွင် နောက်ဆုံးဆန်ခါတင် (၁၀)ဦးထဲမှ ဒေါက်တာ စောဝေလှ ကို ဂျူရီလူကြီးများကရွေးချယ် ခဲ့ခြင်းဖြစ်သည်။ Source/Ohio University/ FallingWalls Organization

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.