ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

ဂွမြို့နယ် နေရာအများအပြားတွင် စစ်ကောင်စီ ဆက်လက်မိုင်းထောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 423

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၄

ရခိုင်ပြည်၊ ဂွ မြို့နယ်မြောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) ဝင်ရောက်လာနိုင်သည့် နေရာများ၌ စစ်ကောင်စီတပ်က မိုင်းများဆက်လက်ထောင်နေကြောင်း ဒေသခံများထံက တစ်ဆင့် သိရသည်။

ဂွမြို့နယ်တောင်ပိုင်း တိုင်ကျိုးကျေးရွာ နောက်ကျောဖက် တောင်တန်းမှ  ကြွေချိုင်ကွက်သစ် ကျေးရွာ နောက်ကျောအထိ  စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ်လောက်မှ စပြီး မိုင်းများထောင်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" အဓိက အေအေဝင်လာနိုင်တဲ့ နေရာတွေ၊ တောင်ကြောတွေ၊ သစ်ပင်အောက်တွေမှာ မိုင်းတွေ ထောင်တာပါ။ ခမရ (၅၆၃)နဲ့ သူတို့ကိုထောက်ခံတဲ့ ပြည့်သူစစ်အပါအဝင် အယောက် ၃၀ ကျော် ရှိတယ်။ သူတို့လာပြီး မိုင်းတွေလိုက်ထောင်နေကြတာ" ဟုပြောသည်။

ဂွမြို့အနီးဝန်းကျင်နှင့် ကျိန္တလီမြို့ အနီးတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ဇွန်လမှ ဩဂုတ်လအထိ (၃) လတာကာလအတွင်း သေဆုံးသူ ၂ ‌ဦးနှင့် ခြေပြတ်သူ ၂ ဦးရှိခဲ့သဖြင့် စစ်တပ်က မိုင်းများ ဆက်ထောင်နေ၍ အရပ်သားများ ထပ်မံထိခိုက်မည်ကို စိုးရိမ်မိသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျိန္တလီမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့အကြား  ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး တိုင်ကျိုးမှ ကြွေချိုင်အထိ စစ်အင်အား ၃၀၀ ကျော်ခန့် ဖြန့်ခွဲချထားသည်ဟု ဒေသအတွင်းမှ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သူတို့က အင်အား ၃၀၀လောက် ဖြန့်ခွဲချထားတယ်။ ဂွမြို့ကရော ပြည်မဖက်ကရော ပြည့်သူစစ်တွေရောပါတယ်။ အခိုင်အမာနေရာယူထားကြတာ။ တချို့ရွာတွေကိုဆို တပ်စွဲထားတာတွေ ရှိတယ် " ဟုပြောသည်။

ယခုမိုင်း‌ထောင်ထားသည့် နေရာများသည်  ကျေးရွာများနောက်ဘက်ရှိ တောင်ကြောများဖြစ်ပြီး ကျေးရွာသားများအနေဖြင့် တောထောင်ထဲသို့သွားပြီး ဟင်းရှာ မျှစ်ချိုး၊ သစ်ခုတ် ဝါးခုတ် အလုပ်များကို ရှောင်ရှားသင့်သည်ဟု ၎င်းက ပြောဆိုသည်။


ဆက်စပ် သတင်းများ