ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA ထိန်းချုပ်ထားသည့် ရခိုင်ကမြို့နယ်များတွင် ခရီးသွားလာရာတွင် စစ်ကောင်စီလက်ကထက် ပိုလွတ်လပ်လာပြီး အဆင်ပြေချောမွေ့လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 5.8k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၇/၂

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်မှ လွတ်မြောက်မြို့နယ်များရှိ စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီလက်ထက်ကလို ငွေညှစ်ခြင်း၊ အာဏာပြခြင်းများ မရှိသည့်အပြင် တာဝန်ကျ အာရက္ခစစ်သည်များ၏ တလေးတစားပြောဆိုဆက်ဆံမှုများကြောင့် ခရီး သွားလာရသည်မှာ ပိုလွတ်လပ်မှု ရှိလာပြီး အဆင်ပြေချောမွေ့လာကြောင်း ပြည်သူများက နိရဥ္စရာသို့ ပြောဆိုသည်။

စစ်ကောင်စီအုပ်ချုပ်စဥ်က စစ်ဆေးရေးဂိတ်များတွင်လက်နက်အားကိုးနှင့် ပြည်သူများအပေါ် ငွေညှစ်၊ ကားနှင့် ဆိုင်ကယ်များပေါ်မှ လူများကို လမ်းလျှောက်ခိုင်းခြင်း၊ အာဏာပြ ဗိုလ်ကျခြင်းများ ရှိခဲ့သော်လည်း အာရက္ခတပ်တော် ထိန်းချုပ်လိုက်သည့် အချိန်မှစ၍ အဆိုပါ ကိစ္စများမှာ ကင်းစင်သလောက်ဖြစ်သွား၍ ခရီးသွားလာရပိုလွတ်လပ်လာခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးက ပြောသည်။

" အခု လွတ်မြောက်မြို့နယ်တွေမှာ AA စစ်ဆေးရေးဂိတ်တွေရှိတယ်။ စစ်ကောင်စီလက်ထက်ကလို ငွေညှစ်တာတွေ မကြုံရတော့ဘူး။ အာဏာပြဆက်ဆံတာမျိုးလည်း မရှိတော့ဘူး" ဟု ခရီးသွားပြည်သူ တစ်ဦးကပြောသည်။

ရခိုင်လွတ်မြောက်မြို့နယ်များတွင် ဒေသလုံခြုံရေးအရ ချထားသည့် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျ အာရက္ခစစ်သည်များသည် ခရီးသွားများအပါအဝင် ပြည်သူများအပေါ် တလေးတစားနှင့် ချစ်ကြည်ရင်းနှီးနွေးထွေးစွာ ပြောဆိုဆက်ဆံကြကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ခရီးသွားလူငယ်တစ်ဦးက "ပြီးခဲ့တဲ့တစ်ပတ်လောက်ကဆိုရင် လွတ်မြောက်မြို့နယ်တွေဘက်ကို ကျနော်တို့ခရီးထွက်ဖြစ်တယ်။ ဂိတ်တွေဖြတ်တာမှာ ဆိုင်ကယ်သုံးယောက်မစီးရဘူးဆိုတာကို ကျနော်တို့က မသိဘူး။ ဂိတ်ကိုဖြတ်တဲ့အချိန်မှာ AA စစ်သည်က ဝီစီမှုတ်တယ်။ ကျွန်တော်တို့လည်း ဆိုင်ကယ်ရပ်ပြီးတော့ ဂိတ်နားကိုသွားမလို့လုပ်တယ်။ ကျွန်တော်တို့ဆိုင်ကယ်ပေါ်က မဆင်းခင်မှာပဲ AA စစ်သည်တစ်ယောက်က နေပူထဲထွက်ပြေးလာပြီးတော့ အစ်ကိုရယ်။ ဒီနားမှာ ဆိုင်ကယ် သုံးယောက်စီးလို့ မရဘူး။ ဒီဂိတ်အလွန် ဟိုနားလောက်ကိုရောက်မှ စီးကြပေါ့။ အစ်ကိုတို့က တခြားမြို့က ထင်တယ်။ အခုက မသိလို့ဆိုတော့ ဘာမှမဖြစ်ပါဘူး။ နောက်ခါလာရင် သုံးယောက်ဆိုရင် တယောက်က အောက်ကဆင်းပြီးသွားပေးကြပါနော်ဆိုပြီး မျက်နှာထားပြုံးပြုံးနဲ့ ချိုချိုသာသာ ပြောတာပါ"ဟု ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားစဥ်ကလို အာဏာဗဟိုပြုမဆက်ဆံဘဲ ပြည်သူဗဟိုပြုချစ်ကြည်ရင်းနှီးစွာ ပြောဆိုဆက်ဆံမှုများကြောင့် လွတ်မြောက်မြို့နယ်များသို့ သွားလာရသည်မှာ လွတ်လွတ်လပ်လပ် ရှိပြီးအာရက္ခစစ်သည်များနှင့်ဆက်ဆံရသည်မှာလည်း နွေးထွေးမှုနှင့် လုံခြုံမှုကိုရရှိစေသည်ဟု ခရီးသွားလာသူများက ပြောဆိုကြသည်။


"စကစ စစ်သားတွေဆိုရင် မင်းတို့ ဒီနားမှာ သုံးယောက်မစီးရဘူးဆိုတာမသိဘူးလား။ ဘာညာနဲ့ ကျနော်တို့ကို နေပူထဲမှာ ရပ်ခိုင်းထားချင်ရင် ထားမှာပေါ့။ ဒါမှမဟုတ်ရင်လည်း ငွေတောင်းမှာပေါ့။ စကစ စစ်သားတွေက စစ်ဆေးရေးဂိတ်တွေမှာအဲလိုလုပ်လာတာအားလုံးသိကြတာပဲ။ အခုကဝောာ့ အဲလိုမဟုတ်ဘူးဗျ။ လွတ်မြောက်နယ်မြေတွေမှာ ကျနော်တို့ ခရီးသွားရတာ လွတ်လပ်တယ်။ ငြိမ်းချမ်းတယ်။ လုံခြုံမှုရှိတယ်လို့ ခံစားမိတယ်။ စကစတပ်သားတွေလို အာဏာကို ဗဟိုမပြုဘူး။ ပြည်သူကို ဗဟိုပြုတဲ့အတွက် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ခရီးသွားလာရတာက အရမ်းစိတ်ချမ်းသာဖို့ကောင်းတယ်"ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီလက်ထက်က ရခိုင်ရှိ စစ်ဆေးရေးဂိတ်များတွင် ပြည်သူများအပေါ် ငွေညှစ် တောင်းခံခြင်း၊  တပ်ရင်းတပ်မများအနီးတွင် မလိုအပ်ဘဲ ဆိုင်ကယ်များ ဆင်းတွန်းခိုင်းခြင်း၊ အရေးပေါ်ဆေးကုသမည့် လူနာသယ်ဆောင်မှုများကို အချိန်ကြန့်ကြာဆွဲထားပြီး ပြည်သူ အသက်ဆုံးရှုံးစေခြင်း၊ လူငယ်လူရွယ်ခရီးသွားများကို မထင်လျှင်မထင်သလိုဖမ်းဆီးခြင်းများဖြင့် ရခိုင်ပြည်သူများ၏လွတ်လပ်စွာသွားလာခွင့်ကို စစ်ကောင်စီက အာဏာဖြင့် ဖိနှိပ်ချိုးနှိမ်ထားခဲ့သည်။

လက်ရှိတွင် AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်အတွင်းမှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် သံတွဲစသည့် စုစုပေါင်း မြို့နယ်(၁၁) မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် အစစ်အဆေးနည်းသွားပြီး အာဏာပြ ဗိုလ်ကျ စိုးမိုးမှုများလည်း မရှိတော့ဟု ဆိုသည်။

ထိုမြို့နယ်များတွင် မြို့ရွာသန့်ရှင်းရေးမှအစ မြို့တွင်းရှိ ချောင်းမြောင်းများကိုလည်း ရေစီးရေလာ ကောင်းမွန်အောင် AA တပ်သားများကိုယ်တိုင် နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ကိုင်မှုများ ရှိ၍ မြို့ရွာသန့်ရှင်းသာယာမှုမှာ ယခင်စစ်ကောင်စီအုပ်ချုပ်ခဲ့စဥ်ကနှင့် တခြားစီဖြစ်နေပြီဟု လွတ်မြောက်နယ်မြေတစ်ခုတွင်နေထိုင်သည့် ကိုထွန်းခိုင်က ပြောသည်။

"မြို့တွေရဲ့ အဓိက အချက်အချာကျတဲ့ လမ်းတွေမှာ ကွမ်းတံတွေးမပစ်ရဘူး။ အမှိုက်မပစ်ရဘူး။ အဲ့လိုမျိုးစာတွေကပ်ထားတာတွေရှိတယ်။ ပြီးတော့ သူတို့ကိုယ်တိုင် လမ်းဘေးတွေကို သန့်ရှင်းရေး လုပ်တာတို့။ နေပူမရှောင်၊ မိုးရွာမရှောင် အမှိုက်ရှင်းတာတို့ကို သူတို့ကိုယ်တိုင် တစိုက်မတ်မတ် လုပ်နေခဲ့တာတွေကို တွေ့ရတယ်။ စစ်ကောင်စီတပ်သားတွေ အုပ်ချုပ်ခဲ့တုန်းကဆိုရင် အမှိုက် မပစ်ရဘူးလို့ ဆိုင်းဘုတ်ထောင်ထားတဲ့နေရာတွေမှာ အမှိုက်ပုံကြီးတွေဖြစ်နေတယ်။ အခုကတော့ ရခိုင်က မြို့၊ ရွာတွေမှာ စစ်ကောင်စီ အုပ်ချုပ်ခဲ့တုန်းကနဲ့ တခြားစီပဲ" ဟု ပြောသည်။

အမှိုက်ကင်းစင်ရေးနှင့် အမှိုက်သိမ်းစနစ်ကိုလည်းကိုလည်း ရက္ခိုင်ပြည်သူ့အစိုးရ၏ ဝန်ထမ်းအရင်းအမြစ်များအသုံးပြုပြီး စနစ်တကျသိမ်းဆည်းနေကြသည်ဟုလည်း မြို့ခံများက ပြောသည်။

"အရင်လိုစည်းကမ်းမဲ့စွန့်ပစ်လို့မရတော့ဘူး။ အမှိုက်တွေကို အမှိုက်စိုနဲ့အမှိုက်ခြောက်နဲ့ကို သေချာခွဲပြီးထုပ်ပိုးထားရတယ်။ သူတို့(ရက္ခိုင်ပြည်သူ့အစိုးရအဖွဲ့ဝင်ဝန်ထမ်းများ)က ကိုယ်တိုင် လာသိမ်းဆည်းကြတယ်။ မြို့ပေါ်လမ်းမကြီးတွေမှာလည်း ကွမ်းတံတွေးတွေ ထွေးလို့မရဘူး"ဟု မြောက်ဦးမြို့မှ ပြည်သူတစ်ဦးကပြောသည်။

ဒေသလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များတွင် လိုအပ်ပါက စစ်ဆေးမှုခံယူခြင်းနှင့် မြို့ရွာ သန့်ရှင်းသာယာမှုအတွက် AA က ချမှတ်ထားသည့်စည်းကမ်းချက်များကိုလည်း ပြည်သူများက လေးစားလိုက်နာလျက်ရှိကြသည်ဟု သိရသည်။

AA သည် မောင်တောနှင့် ဂွမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်တွေ၊ အမ်း၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်တို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ