သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမှ ရေဘေးသင့် ချင်းကျေးရွာ ၄ ရွာ အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 668

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၇/ ၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ ချင်းလူမျိုးများနေထိုင်သည့် ရေဘေးသင့်ကျေးရွာ ၄ ရွာတွင် အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်မှစတင်ကာ စက်တင်ဘာလ ၁၅ ရက်အထိ မင်းပြားမြို့နယ်အတွင်း လက်ပံကိုင်းချောင်းရေမြင့်တက်ခဲ့သည့်အတွက် ချင်းရွာများဖြစ်သည့် လက်ပံကိုင်း၊ နတ်ကံပြင်၊ တရဂူရွာသစ်နှင့် တရဂူရွာဟောင်းစသည့် ကျေးရွာ ၄ ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် အဆိုပါ ကျေးရွာများမှ အိမ်ခြေ ၆၀၀ ခန့် ရေမြုပ်သွားပြီး လူဦးရေ တစ်ထောင်ခန့်မှာ ရေဘေးသင့်ခဲ့သည်ဟု သိရသည်။

သိုလှောင်ထားသည့် ဆန်၊ စပါးများရေနစ်ခဲ့သည့်အတွက် လက်ရှိတွင် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း လက်ပံကိုင်းကျေးရွားသာတစ်ဦးဖြစ်သူ ကိုဇော်လင်းထွန်းက ပြောသည်။

"စားနပ်ရိက္ခာတွေလိုအပ်နေပါတယ်။ ရေက ၇ ပေကျော်ကျော်လောက်အထိတက်ခဲ့တော့ ဆန်နဲ့စပါးတွေလည်း ရေနစ်ခဲ့တယ်။ အခုတော့ ရေမနစ်ရအောင် သိမ်းထားလိုက်တဲ့ ဆန်တွေကို ချက်ပြုတ်စားသောက်နေရတာပါ။ စပါးတွေလည်း ရေစိုခဲ့တော့ စားရေးသောက်ရေးတော်ရုံနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး"ဟု ပြောသည်။

လက်ရှိတွင် ရေနစ်ခဲ့သည့် ဆန်၊ စပါးများကို နေသာ၍ထုတ်လှန်းချင်သော်လည်း ရေကြီးရေလျှံပြီးနောက် တင်ကျန်ခဲ့သည့် ရွှံနွံတို့ကြောင့် ထုတ်လှန်းရန်အဆင်မပြေဖြစ်နေသည်ဟု သိရသည်။

ထိုကျေးရွာများတွင် လက်ရှိအချိန်ထိ လိုအပ်သည့် ကူညီကယ်ဆယ်ရများ မရရှိသေးဟုလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအစပိုင်းတုန်းကလည်း မိုးသည်းထန်စွာရွာသွန်းကာ လေးမြို့မြစ်ရေမြင့်တက်လာမှုကြောင့် မင်းပြားမြို့နယ်ရှိ ပန်းမြောင်း၊ ခွဆုံ၊ ပွဲရကန်ဆိပ်၊ ရွှေကျန်၊ ပြင်ယောင်းစသည့် ကျေးရွာများတွင်လည်း ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - လက်ပံကိုင်းချောင်းရေမြင့်တက်မှုကြောင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် လက်ပံကိုင်းကျေးရွာအား တွေ့ရစဥ်။ (Photo - Zaw Lin Tun)

ဆက်စပ် သတင်းများ