ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းဆုံ စစ်ကောင်စီဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့သို့သွားသည့် လမ်းဆုံအနီးကို စစ်ကောင်စီတပ်က ယနေ့ညနေတွင် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

ယနေ့ စက်တင်ဘာ ၁၇ ရက်၊ ညနေ ၄ နာရီခန့်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၂ လုံး လာကြဲခဲ့ခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော်(AA)နှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"ဗုံးက လမ်းဆုံနားက ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ကို ကျပါတယ်။ ပုဏ္ဏားကျွန်းမှာ လူတွေမနေတော့ အထိအခိုက်တော့မရှိဘူး"ဟု ပြောသည်။

အဆိုပါလမ်းဆုံအနီးတွင် စျေးဆိုင်ခန်းများရှိသော်လည်း လူမနေသေးသည့်အတွက် ထိခိုက်မှုမရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့သည် AA က သိမ်းပိုက်ထားသည့်မြို့များဖြစ်သည်။

တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ယခုကဲ့သို့ ဗုံးလာကြဲခြင်းမှာ စစ်ရာဇဝတ်မှုကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ရခိုင်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက နိရဥ္စရာကိုပြောသည်။

"သူတို့က စစ်ရှုံးနေပြီ။ စစ်ဖြစ်တဲ့ကာလမှာ သူတိုက်ကိုယ်တိုက်ဆို ဗုံးချလို့ရတယ်။ အခုက တိုက်ပွဲ မဖြစ်တဲ့ အရပ်သားတွေ ရှိတဲ့ နေရာတွေကို ဒီလို ဗုံးချတာဟာ သက်သက်ကို လူမိုက်ဆန်တယ်။ ဒါက နိုင်ငံတကာသိအောင် ပြောပြရမယ်။ သူတို့ရဲ့ စစ်ရေးအရဆိုရင် စစ်ရေးဥပဒေအရ ချိုးဖောက်တာပေါ့"ဟု ပြောသည်။

ဒေသတွင်း အာရက္ခပြည်သူ့အစိုးရ အာဏာပိုင်များ၏ လေကြောင်းအန္တရာယ် သတိ ပေးချက်များကြောင့် ပုဏ္ဏားကျွန်းအပါအဝင် ရသေ့တောင်၊ စစ်တွေမြို့နယ်တို့နှင့်ဆက်စပ်သော ရွာများတွင် ပြည်သူများ မနေကြဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြသည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ယခုနှစ် ၈ လတာ ကာလအတွင်း အရပ်သား ၃၁၁ ဦး သေဆုံးခဲ့သည်ဟု AAPPက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ