Preview

ရွာမှ နှင်ထုတ်ခံခဲ့ရသည့် စစ်တွေ ရွှေပြည်သာရွာသား ၂၀၀ ကျော် နေရာထိုင်းခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

စက်တင်ဘာ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :906
ရခိုင် သတင်း

နှင်းနွယ်နီ၊နိရဥ္စရာ၊ စက်တင်ဘာ ၁၇/၂၀၂၄

ရခိုင်ပြည်၊စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းရှိ ရွှေပြည်သာကျေးရွာမှ နှင်ထုတ် ခံခဲ့ကြရသည့် ရွာသူ၊ ရွာသား ၂၀၀ ကျော်အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်းပြောကြသည်။

ရွှေပြည်သာကျေးရွာသားများမှာ စက်တင်ဘာ ၁၅ ရက်၊ ညနေ ၅ နာရီမထိုးခင်အထုပ်အပိုး ကိုယ်စီနှင့်ရွာမှ ထွက်ပေးခဲ့ကြရပြီးစစ်တွေမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း၊ အသိနေအိမ်၊ ဆွေမျိုးနေအိမ်များနှင့်မင်းဂံရထားလမ်းဘေးရှိ ကျူးကျော်တဲများတွင် ဝင်ရောက် နေထိုင် နေကြရသည်ဟု ရွှေပြည်သာကျေးရွာသားတစ်ဦးက ပြောသည်။

သို့သော်တချို့ကျေးရွာသားများမှာ ယခုအချိန်အထိနေထိုင်စရာမရှိသေး၍ စစ်တွေမြို့အနှံ့တွင် နေထိုင်၍ရမည့်နေရာများကိုလိုက်လံရှာဖွေနေသူများလည်း ရှိသေးကြောင်း သူက ပြောသည်။

“အခုထိ အိမ်တွေရှာမရသေးတဲ့ သူတွေရှိပါသေးတယ်။ဘုန်းကြီးကျောင်းတွေမှာ သွားနေဖို့ကလည်း လက်မခံတဲ့ ကျောင်းတွေ လက်မခံပါဘူး။ ကျောင်းမှာလည်းအရင်နှင်ထုတ်ခံထားရတဲ့ရွာတွေက လူတွေပြည့်နေလို့လက်မခံဘူးပြောကြတယ်။ အခုသူတို့တွေ ခဏတာတော့ အသိရှိတဲ့အိမ်တွေမှာကပ်နေကြတယ်။ အိမ်တွေလည်း လိုက်ရှာနေကြတယ်” ဟုပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်သား ၃ ဦးနှင့် ကျေးရွာလူကြီးတစ်ဦးက ရွှေပြည်သာကျေးရွာမှ နေအိမ်များကိုတစ်အိမ်ချင်းစီဝင်ရောက်ပြီး တိုင်းပြည်အခြေအနေမကောင်းခြင်းနှင့်ကျေးရွာထဲ၌ ဗုံးလာကျခြင်းများရှိနိုင်၍ဟုဆိုကာ ပစ္စည်းများသိမ်း၍ စက်တင်ဘာ ၁၅ ရက်တွင်ရွာသားများအားလုံး ထွက်သွားကြရန် နှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုရွာသားများက နိရဥ္စရာကို ပြောသည်။

ရွှေပြည်သာကျေးရွာသားတစ်ဦးက “ရွာက ထွက်သွားခိုင်းတော့ စစ်သားတွေကိုမေးကြပါတယ် ရွာသားတွေက။ ဘယ်နားမှာ နေကြရမလဲဆိုပြီးတော့။မင်းတို့မှာ နေချင်တဲ့နေရာမှာ သွားနေဆိုပြီး ပြောပါတယ်။ လောလောဆယ်တော့ထွက်သွားပေးရမယ်။ တနင်္လာမှာ လူကြီးတွေလာဖို့ရှိတယ်။တနင်္လာနေ့မှာ လူတွေဘာတွေတွေ့ရင် ဖမ်းမယ်ဆိုပြီး ပြောပါတယ်။ ညဆိုရင်လည်းပစ်မိန့်ထုတ်ထားတယ်ပြောတယ်” ဟုပြောသည်။

ရွှေပြည်သာကျေးရွာမှအိုးအိမ်စွန့်ခွာလာခဲ့ကြ၇သော အိမ်ထောင်စုမှာ ၈၀ ခန့်ရှိပြီး လူဦးရေမှာ ၂၀၀ခန့်ရှိသည်ဟု ရွာသားများက ပြောကြသည်။

လက်ရှိစစ်တွေမြို့ပေါ်ကို ရောက်ရှိနေကြသောရွှေပြည်သာကျေးရွာသားများမှာ စားနပ် ရိက္ခာများနှင့် နေထိုင်စရာ နေရာများအရေးပေါ်လိုအပ်လျက်ရှိနေသည်ဟု ကာယကံရှင်များက ပြောသည်။

ရွှေပြည်သာကျေးရွာမှ အမျိုးသမီးကြီးတစ်ဦးကလည်း “အန်တီတို့မှာ အလုပ်လည်းမရှိ၊ အကိုင်လည်း မရှိဘူး။ ခံစားရတာပေါ့။စားဖို့သောက်ဖို့လည်းမရှိ။ ဟိုလက သူ့အမေဆုံးသွားတဲ့ မြေးလေးကိုလည်း နို့ဘူးတိုက်နေရတယ်။လက်ထဲမှာ ပိုက်ဆံလည်း မရှိဘူး။ ရွာမှာနေတုန်းကငါးလေးတစ်နပ်စာ၊ ဟင်းရွက်လေးတစ်နပ်စာ ရှာစားတယ်။ မရရင် ကန်စွန်းရွက်တွေဘာတွေ ရှာပြီးစားတယ်။ကိုယ့်အိမ်ကိုယ့်ယာကို ထားခဲ့ပြီးတော့သူများအိမ်မှာအခုကပ်နေကြရတယ်။ ကိုယ့်အိမ်ကိုပဲ ပြန်ချင်တယ်”ဟုပြောသည်။

သူတို့ကိုရွာမှနှင်ထုတ်ထားသော စစ်ကောင်စီအနေဖြင့်နေရာထိုင်ခင်းများ စနစ်တကျ စီစဥ် ပေးစေလိုသည်ဟုလည်း စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“သူတို့(စစ်တပ်) ကိုယ်တိုင်ကလည်း သွားချင်သလိုသွား၊ နေချင်သလိုနေဆိုပြီးနှင်ထုတ်လိုက်တော့ရွာသားတွေက ဘယ်သူ့ကိုအကူအညီတောင်းရမယ်မှန်းလည်း မသိဘူး။ ဖြစ်တာလည်း ရွာတစ်ရွာကို နှင်ထုတ်ရင် ကားတစ်စီးနဲ့တင်ပြီးဒီဘုန်းကြီးကျောင်းမှာ နေဆိုပြီးလည်း အပ်တာမဟုတ်ဘူး။ ဖြစ်သလို၊ သွားချင်တဲ့နေရာသွားဆိုပြီး နှင်လိုက်တော့ အခက်အခဲဖြစ်နေကြတယ်။တစ်မြို့လုံးမှာ ဟိုနေရာမှာ မိသားစုတစ်စု၊ ဒီနေရာမှာ တစ်စုဖြစ်နေကြတော့ သူတို့အကူအညီအထောက်အပံ့တွေလည်း မရဘူးဖြစ်နေကြတယ်”ဟု ပြောသည်။

လက်ရှိတွင် ရွှေပြည်သာကျေးရွာသားများမှာ ရွာမှနှင်ထုတ်ခံလိုက်ရသည့်အတွက် ရွာမှ နေအိမ်များကိုစစ်တပ်က ဖြိုဖျက်ပြီး ထင်းဆစ်ရောင်းစားမည်ကိုလည်း စိုးရိမ်နေသည်ဟု နောက်ထပ်ကျေးရွာသားတစ်ဦးက ဆိုသည်။

“အိမ်တွေကို ဖြိုဖျက်လိုက်မှာစိုးရိမ်ပါတယ်။ဗျိုင်းဖြူရွာက အိမ်တွေကိုဆိုလည်း သူတို့ ဖြိုပြီးရောင်းကြပါတယ်။ထင်းလုပ်ပြီး။ မွတ်ဆလင်တွေ ဝယ်ကြတယ်။ ရခိုင်သား ထင်းရောင်း သမားတွေဝယ်ကြတယ်။ ကားတစ်စီးစာကို ရ သောင်းနဲ့ ရောင်းပါတယ်။ ကျနော်တို့ အိမ်တွေကိုလည်းဒီလိုလုပ်လိုက်မှာ စိုးရိမ်ပါတယ်”ဟုဆိုသည်။

ထို့အပြင်ရွှေပြည်သာကျေးရွာသားများ ရွာမှနှင်ထုတ်မခံ၇မီ ၁၀ ရက်ခန့်ကလည်း အဆိုပါ ကျေးရွာအနီးမှ ကျေးတောကျေးရွာနှင့်ကျေးတောပိုက်ဆိပ်ကျေးရွာမှ အိမ်ထောင်စု ၂၀ ခန့် လူဦးရေ ၈၀ ခန့်ကို စစ်ကောင်စီက ရွာမှနှင်ထုတ်ခဲ့သေးသည်။

အလားတူစစ်တွေမြို့နယ်ရှိ ဗျိုင်းဖြူကျေးရွာမှရွာသားများကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် မေလအတွင်းကျေးရွာမှနှင်ထုတ်ပြီး ရွာသား ၇၀ ကျော်ကိုရက်ရက်စက်စက် သတ်ဖြတ်ကာ ရွာသားရာနှင့်ချီကိုလည်း ပုဒ်မအမျိုးမျိုးတပ်၍ ထောင် ၃ နှစ်စီ ချမှတ်ထားသည်ဟုသိ၇သည်။

ဓာတ်ပုံ- စစ်တွေ၊ ဆတ်ရိုးကျချောင်း။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.