ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဂွမြို့နယ် ပေါက်တူးရွာကို စစ်ကောင်စီမှလေကြောင်းဗုံးကြဲ၍ နှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 445

မင်းသျှင်စော နိရဉ္စရာ ၊စက်တင်ဘာ ၁၈/ ၂၀၂၄

ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီမှ တိုက်ပွဲ တစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ သက်ကြီးအမျိုးသမီးတစ်ဦး အပါအဝင်  ၂ ဦးသေဆုံးပြီး  ၇ ဦးဒဏ်ရာ ပြင်းထန်ရရှိသွားသည်ဟု သတင်းရရှိပါသည်။

ဂွမြို့နယ်၊ ပေါက်တူးကျေးရွာကို စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းအချိန်၌ စစ်ကောင်စီမှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးလာကြဲခဲ့သည်ဟု အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက နိရဉ္စရာကို ပြောကြားသည်။

" နေ့လယ် ၁နာရီကျော် အချိန်လောက်ရှိမယ်ထင်တယ်။ လေယဉ်နဲ့ ဗုံးလာချတာ။ ကျေးရွာကို ဗုံးချတာက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပေါ့ဗျာ။ ရွာထဲကို တိုက်ရိုက်ကျတာ။ နေရာမှာပင်ပွဲချင်းပြီး ၂ ယောက် သေတယ်။ ၇ယောက် ပြင်းထန်ဒဏ်ရာရတယ်။ တိုက်ပွဲလည်းမဖြစ်ဘူး။ တမင်တကာ စစ်ကောင်စီ လုပ်တာပါ။ ဗုံးကျတဲ့နေရာမှာ သွေးတွေအိုင်နေတယ်မကြည့်ရဲဘူး"ဟု ၄င်းက ပြောကြားသည်။

သေဆုံးသူတွေကတော့ ဒေါ်သန်းကြွယ် (၈၂) နှစ်နှင့် လူငယ်ပိုင်း ကိုအောင်ဆန်းဦး (၃၂) နှစ်တို့ ဖြစ်ကြသည်။ ဒဏ်ရာရသူများမှာ ဒေါ်အေးပုံ (၉၂)နှစ်  ၊ ဒေါ်ရွှေနှင်းဆီ (၆၅) နှစ်၊ ဦးတင်လှမောင် (၅၉)နှစ် ၊ ကိုဖြိုးမင်းအောင်(၁၇) နှစ်၊မစုမွန်ကျော်(၁၅) နှစ်၊ မဆောင်းသဇင်ဦး (၁၃) နှစ်နှင့် မောင်မင်းခန့်ဇော် (၁၃) နှစ်တို့ ဖြစ်ကြသည်။'

အဆိုပါ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ အရပ်သားများ အေးချမ်းစွာ နေထိုင်နေစဉ် ဗုံးလာကြဲ၍ ကျေးရွာအတွင်း လူသေဆုံးထိခိုက်မှုရှိ၍ အထူးယူကြုံးမရဖြစ်မိသည်ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို တားဆီးကာကွယ်ရန် ရခိုင်ပြည် အနှံ့အပြားကို လေကြောင်းကနေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသော်လည်း ၎င်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူများ အများစုမှာ အပြစ်မဲ့ အရပ်သားပြည်သူများသာ ဖြစ်ကြသည်ဟု သိရသည်။

၎င်းပြင် စစ်ကောင်စီက စစ်ရေးကိုအကြောင်းပြကာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို တင်းတင်းကျပ်ကျပ် ပိတ်ပြီး ဆန်နှင့် စားသုံးကုန်ပစ္စည်း၊ ဆေးဝါးကအစ သယ်ယူခွင့်ကို တားမြစ်ထားခြင်းမှာလည်း  AA ကို ထိခိုက်မှုမရှိဘဲ အများစု အပြစ်မဲ့အရပ်သား ပြည်သူများကိုသာ ထိခိုက်နေကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ