သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် မိုင်းနင်းပြီး အမျိုးသမီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 326

မင်းသျှင်စော၊ နိရဉ္စရာ ၊စက်တင်ဘာ ၁၉/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ၍ သေဆုံးသွားကြောင်းသတင်းရရှိသည်။

၎င်းအမျိုးသမီးမှာ ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်၊ ၅လမ်းတွင် နေထိုင်ပြီး မနှင်းရီဝင်း ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် ဂုံးချွိန်တိုက်နယ် အောင်စေတီရွာနား အောက်ဘက် င/ ကာကျောက် ကာရီဘောင် အောက်မှာ မှိုဟင်း (ဗမာအခေါ် ငှက်ကြီးတောင်) ခူးနေစဉ် မိုင်းနင်းမိခဲ့သည်ဟု ရပ်ကွက်ဒေသခံတစ်ဦးက နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

ရပ်ကွက်နေသူ တစ်ဦးက "အဲဒီနေ့က နံနက်ပိုင်းမှာ မနှင်းရီဝင်း မှိုဟင်းခူးသွားတာမြင်လိုက်တယ် တစ်ယောက်က။ ရွာနားက ကာရီဆိုတော့ သွားနေကျပါ။ စစ်ကောင်စီဘက်က ခိုးပြီး အဲဒီလို မိုင်းထောင်ထားတာ။ ဒါကိုမသိဘူးလေ။ ကျွန်တော်တို့ ပေါက်ကွဲသံကြားမိတယ်။ နောက်နာရီ အတော်ကြာမှ လူနဲ့ တွေ့လို့ ရပ်ကွက်ကို လာပြောတယ်။ ဆေးရုံကို အမြန်ပို့တယ်။ ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး ဆုံးသွားပါတယ်" ဟုပြောသည်။

မိုင်းနင်းမိသော မနှင်းရီဝင်းမှာ ညာဘက်ခြေထောက် ဒူးဆစ်အောက်မှ ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရကာ ကျောက်ဖြူဆေးရုံတွင် သွေးထွက်လွန်ပြီး သေဆုံးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ကျောက်ဖြူမြို့ အနီးဝန်းကျင် တဝိုက်တွင် မြေမြှုပ်မိုင်းများကို အကန့်အသတ်မရှိ ထောင်ထားသည်ဟု သိရသည်။

ထိုသို့ မိုင်းထောင်ထားသဖြင့် ကျောက်ဖြူဒေသခံများ အနေဖြင့် သေဆုံးဒဏ်ရာ ရရှိမှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ အသက် (၅၀)ကျော်အရွယ် ဦးမောင်ထွန်းရွှေသည် စိုင်ခြုံရွာ၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၁၅) စက်မှု၊ လက်မှု တပ်ရင်းတို့ရှိသည့် ဒေသခံများအခေါ် နဂါးတောင်တွင် နွားအငှားကျောင်းနေစဉ် စစ်ကောင်စီတပ်က ထောင်ထားသည့်မြေမြှုပ်မိုင်းကို နင်းမိခဲ့သည်။

ယင်းဖြစ်စဥ်ကြောင့် ဦးမောင်ထွန်းရွှေ၏ ညာဘက်ခြေထောက် ခြေမျက်စိအောက်မှ ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

ဩဂုတ် ၃၁ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာမှ ဦးထောင်ဝေဇံ (၆၉) နှစ်သည် နွားကျောင်းသွားနေစဉ် မိုင်နင်းမိပြီး ခြေထောက်ပြတ်၍ သေဆုံးသွားခဲ့သည်။


ဆက်စပ် သတင်းများ