သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု မျက်စိရောဂါထပ်မံကုသရန် တောင်းဆိုမှု စစ်ကောင်စီ ခွင့်မပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 648

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၄

ရခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ မျက်စိရောဂါကို ထပ်မံဆေးကုသခွင့်ရရန် တောင်းဆိုထားမှုအား စစ်ကောင်စီက ခွင့်မပြုသေးကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် အကျဥ်းကျနေသော ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ လက်ရှိတွင် ခွဲစိပ်ထားသည့် မျက်လုံး နှစ်ဖက် အမြင်အာရုံဝေဝါးနေသည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းကြောင့် အပြင်ဆေးခန်းတွင် ဆေးကုသမှုခံယူရန် စစ်ကောင်စီထံ တောင်းဆိုထားသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ခွင့်မပြုသေးဟု သမီးဖြစ်သူ မကြည်ကြည်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"မျက်စိက တခါတခါ ကြည့်လို့မရလို့ အပြင်ဆရာဝန်နဲ့ အဖေကပြချင်တယ်။ လောလောဆယ်တော့ ထောင်ထဲမှာ ကြည့်ပေးတာလောက်ပဲရတယ်။ အပြင်မှာဆေးခန်းပြခွင့်ရဖို့ကိုလည်း တောင်းဆိုထားတယ်။ ၃ လလောက်ရှိပြီ။ အခုထိတော့ ပြခွင့်မရသေးပါဘူး"ဟုပြောသည်။

စစ်ကောင်စီက ဦးညီပုကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က ရန်ကုန်မြို့၊ မျက်စိအထူးကုဆေးရုံတွင်  ဘယ်ဘက်မျက်လုံးနှင့် ဇွန် ၁၆ ရက်တွင် ညာဘက်မျက်လုံးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

ဦးညီပုသည် စစ်တွေထောင်တွင်ရှိနေချိန် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လခန့်မှစတင်ကာ ဘယ်ဘက်မျက်လုံးတွင် တိမ်ဖုံးသည့်ဝေဒနာမှာ ပိုမိုပြင်းထန်လာခဲ့ပြီး ခွဲစိတ်ကုသမှုရရှိရန် မိသားစုက တစ်နှစ်ကျော်ကြာ အကြိမ်ကြိမ်တောင်းဆိုခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလအတွင်းက စစ်တွေအကျဉ်းထောင်မှ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့လိုက်ပြီးမှ သူ၏မျက်လုံးကို ခွဲစိတ်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အသက် (၆၈)နှစ်ရှိပြီဖြစ်သည့် ဦးညီပုမှာ မျက်စိဝေဒနာအပြင် လူကြီးရောဂါလည်း ခံစားနေရ၍ မကြာခဏ နေမကောင်းဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။

ဦးညီပုနှင့်အတူ နောက်ထပ်သမီးတစ်ဦးဖြစ်သည့် NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်သည်လည်း စစ်ကောင်စီ၏ဖမ်းဆီးထောင်ချခြင်းကိုခံနေရသည်။

အစ်မဖြစ်သူ မကြည်ကြည်ဦးက "ညီမလေးမိုးဆန်းစုကြည်ကိုတော့ တွေ့ခွင့်တော့ရတယ်။ ဒါပေမယ့် ပုံမှန်တော့မတွေ့ဖြစ်ဘူး။ တခါတခါသွားတွေ့ရတာ ခရီးစရိတ်က မသက်သာဘူးလေ"ဟု နိရဉ္စရာကိုပြောသည်။

ကျန်းမာရေးမကောင်းသည့်ဖခင်အပါအဝင်  ထောင်ဒဏ်ချမှတ်ခံထားရသည့် ညီမဖြစ်သူ ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်း မကြည်ကြည်ဦးက ပြောသည်။

"မိသားစုအနေနဲ့တောင်းဆိုချင်တာ ထွေထွေထူးထူးမရှိပါဘူး။ ဒါပေမယ့် အဖေနဲ့ညီမအပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေ အမြန်ဆုံးပြန်လွှတ်ပေးရင် ပိုကောင်းတာပေါ့နော်"ဟုပြောသည်။ 

ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် စစ်တပ်က အာဏာသိမ်းသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။

နောက်တစ်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားခဲ့ရာမှ ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထပ်မံဖမ်းဆီးခံရကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ဦးညီပုသည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၅)နှင့် မဲမသာမှုပုဒ်မ ၁၃ဝ(က)တို့ဖြင့် ထောင်ဒဏ်စုစုပေါင်း ၁၃ နှစ် ချမှတ်ခံထားရသည်။

ဦးညီပု၏သမီး မမိုးဆန်းစုကြည်သည်လည်း ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်တွင် အဖမ်းခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် ထောင် ၆ နှစ်ချခံရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အင်းစိန်ထောင်မှ ပဲခူးတိုင်းရှိ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံထားရသည်။

ဆက်စပ် သတင်းများ