သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ် နေပူတောင်စီမံကိန်းကို စစ်ကောင်စီ ဗုံးကြဲ၍ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 665

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉ / ၂၀၂၄

စစ်ကောင်စီက ၄င်းလက်လွှတ်ထားရသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ ရခိုင်ရိုးမပေါ်မှ နေပူတောင်ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ဗုံးကြဲတိုက်ခိုက်၍ အလုပ်သမား တန်းလျားတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသွားသူမှာ နေပူတောင်စီမံကိန်းအနီး ပိန္နဲစမ်းကျေးရွာမှ ဒေါ်တင်တင်လှ (၄၅) နှစ်ဖြစ်ပြီး စီမံကိန်းအလုပ်သမားတန်းလျားတွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ မနက်အစောကြီး ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နေပူတောင်စီမံကိန်းသို့ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဒီနေ့မနက်အစောကြီးမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာ။ အမျိုးသမီးတစ်ယောက် သေတယ်။သူက အလုပ်သမားတန်းလျားမှာနေတဲ့ မိသားစုကပါ" ဟု ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ ဗုံးစထိမှန်၍ မျက်နှာနှင့် ဝမ်းဗိုက်မှာ ဒဏ်ရာအပြင်းအထန် ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။



ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က နေပူတောင်စီမံကိန်းအနီး အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီ တပ်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဗိုလ်ကြီးကျော်မင်းသူအပါအဝင် တပ်ဖွဲ့ဝင် ၆၀ ကျော်ခန့်သေဆုံးခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် AA သည် နေပူတောင်အပါအဝင် တောင်ကုတ်မြို့နယ်အတွင်း ရခိုင်ရိုးမ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းနေရာအတော်အများကို ထိန်းချုပ်ထားပြီး ပဲခူးတိုင်းမှ စစ်ကောင်စီ၏စစ်ကူလမ်းကြောင်းကိုဖြတ်တောက်ထားခဲ့သည်။

တောင်ကုတ်မြို့နယ်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅)အခြေစိုက်ထားပြီး တောင်ကုတ်တပ်မ စကခ(၅)နှင့် လက်အောက်ခံ ခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်ရင်းတို့ရှိပြီး အဆိုပါ တပ်စခန်းများ ဝင်တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး စစ်ကောင်စီက အေအေရှိနိုင်သည်ဟု ယူဆသည့် နေရာများကို နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။  

၎င်းတိုက်ခိုက်မှုများကို စစ်ကောင်စီက ဩဂုတ်လဆန်းပိုင်းစ၍ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၃၁ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ဆယ်ကျော်သက်လူငယ်တစ်ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၂၂ ရက်ကလည်း တောင်ကုတ်မြို့နှင့်အနီးတဝိုက်ကျေးရွာများကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်၍ မိကျောင်းထိုးကျေးရွာမှ မွေးကင်းစကလေးမိခင် ဒေါ်ခင်ယုနန္ဒာထွန်း ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဓာတ်ပုံ - ယခင်က နေပူတောင်စီမံကိန်းမြင်ကွင်းအားတွေ့ရစဥ်။ (Photo-CJ)

ဆက်စပ် သတင်းများ