သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မောင်တောမြို့မှ ရခိုင်အမျိုးသား ၂ ဦး ကယ်ထုတ်လာရာတွင် မပါဘဲ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

နောင်မင်းသူ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၄

ရခိုက်ပြည်၊ မောင်တောမြို့တွင်း၌ပိတ်မိနေခဲ့သူများကို အာရက္ခတပ်တော် (AA) ကယ်ထုတ် လာခဲ့ရာ ထိုအထဲတွင် ရခိုင်လူမျိုး ၂ ဦး ပါမလာဘဲ ပျောက်ဆုံးနေကြောင်း မိသားစုများက ပြောကြားသည်။

၎င်းတို့ နှစ်ဦးမှာ မောင်တောမြို့၊ အမှတ်(၁)ရပ်ကွက် အလယ်ရွာမှ ဦးအောင်အောင်ခိုင် (၄၉)နှစ်နှင့် ကိုရာဇာထွန်း (၃၄)နှစ်တို့ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မိသားစုဝင်တစ်ဦးက "သူတို့သူငယ်ချင်းတွေလည်းမြို့ကနေ ထွက်လာပြီ။ သူတို့ ခုထိ မိသားစု ဆွေမျိုးဆီလည်း ရောက်မလာဘူး။ AA ဖက်ကိုအသိပေးပြီး မြို့ထဲမှာကျန်နေခဲ့ကြလားလည်း လိုက်ရှာပြီးပြီ။ ဘယ်မှရှာမတွေ့ဘူး"ဟု ပြောကြားသည်။

သူတို့နှစ်ဦးမှာ မြို့တွင်းမှ လူများအားလုံးထွက်သွားကြပြီးနောက် ‌မိသားစုများထံရောက်မလာ၍ မြို့တွင်း၌ လိုက်လံရှာဖွေသော်လည်း ၎င်းတို့အား ရှာမတွေ့ဘဲ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

လက်ရှိတွင် သူတို့နှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်စစ်သားများထံ ဖမ်းဆီးခံရပြီး နခခ(၅)၌ရှိနေသလားဟု မိသားစုဝင်များက ယူဆနေကြသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

"လူ‌တွေကိုလည်း ရှာမရဘူး။သေဆုံးတဲ့အလောင်းလည်းမတွေ့ဘူး။ မိသားစုတွေ၊ မိတ်‌ဆွေ သူငယ်ချင်းတွေနဲ့လည်း မရှိကြဘူး။ ဘင်္ဂလာဖက်ကိုလည်း ရောက်ရှိသွားကြတာ မရှိဘူး ဆိုတော့ စစ်တပ်နဲ့မွတ်ဆလင်စစ်သားတွေဖမ်းဆီးတာခံရပြီး နခခ(၅)မှာရှိနေမလားလို့ပဲ ယူဆရတော့မယ်"ဟု ပြောဆိုသည်။

မောင်တောမြို့ နခခ(၅)တပ်ရင်းတွင် ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုး ၁၀၀ ခန့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး လူသားဒိုင်ကာအဖြစ် အသုံးပြုထား‌ဆဲ ဖြစ်‌သလို အချို့မှာ သတ်ဖြတ်ခြင်းခံလိုက်ရပြီဖြစ်‌ကြောင်း သတင်းများ ထွက်‌ပေါ်လျက်ရှိနေသည်။ 

စစ်ကောင်စီတပ်များမှ လူသားဒိုင်းကာအဖြစ်ပိတ်ဆို့ထားသည့် မောင်တောမြို့ပေါ် ရပ်ကွက်များမှ လူမျိုးဘာသာမရွေးပြည်သူများအား အာရက္ခတပ်တော် (AA)က ကယ်ထုတ်ခဲ့ကြရာ ကယ်ထုတ်ခံရသူအရပ်သားပြည်သူ ၂ သောင်းငါးထောင်ခန့်ရှိကြောင်း AA ၏ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

ဓာတ်ပုံ - မောင်တောတိုက်ပွဲမပြင်းထန်မီ မြို့မြင်ကွင်းအား တွေ့ရစဥ်။ (Photo-CJ)

ဆက်စပ် သတင်းများ