သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ထိုင်းရောက် ရခိုင်ရေလုပ်သားတစ်ဦး ထိုင်းထီ ဘတ် ၆ သန်းပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 360

နှင်းနွယ်နီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၄

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်ရေလုပ်သားတစ်ဦးသည် စက်တင်ဘာ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည့် ထိုင်းအစိုးရ၏ အမြင့်ဆုံးထီဆု ဘတ် ၆ သန်း ပေါက်ခဲ့ကြောင်း သိရသည်။

ထိုင်းထီ ဘတ် ၆ သန်းဆုကို ကံထူးခဲ့သူမှာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ဇာတိ အသက် ၄၂ အရွယ်ရခိုင်အမျိုးသားတစ်ဦးဖြစ်သည်ဟု ထီဆုထုတ်ယူရာတွင် ကူညီပေးခဲ့သည့် ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားများကို ကူညီပေးနေသော (MHAC) မဟာမိတ်အဖွဲ့ ဦးဆောင်စီစဥ်သူ ကိုရဲမင်းက နိရဥ္စရာကိုပြောသည်။

“ထိုင်းထီဖွင့်တာက ထိုင်းစံတော်ချိန် ပုံမှန် ၄ နာရီလောက်ဖွင့်တယ်။ ၃ နာရီ မထိုးခင် သူငါးဖမ်းလိုက်တဲ့ လှေပေါ်အထိ အဲဒီထီသည်က လာရောင်းတာ။ အဲဒီမှာတင် သူ ၃ စောင်ထိုးလိုက်တာ။ တစ်စောင်ကတော့ သူ့သူငယ်ချင်းကို ပေးလိုက်တယ်။ ပေါက်ရင် တစ်ယောက်ထက်ဝက်ဆိုပြီးတော့။ နှစ်စောင်က သူ့လက်ထဲကျန်တယ်။ အဲနှစ်စောင်ထဲကပဲ ပေါက်တာ ထီက” ဟုပြောသည်။

သူသည် ထိုင်းထီနံပါတ် ၆၀၈၆၆၂ ဂဏန်းဖြင့် ဘတ် ၆ သန်းဆုကို ကံထူးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က MHAC ၏ အကူအညီဖြင့် ဆုငွေကို ထုတ်ယူပြီးဖြစ်ကာ ဆုငွေဖြင့် စီးပွားရေးလည်းလုပ်ပြီး ရခိုင် အမျိုးသားရေးကိုလည်း ကူညီသွားမည်ဟု ပြောဆိုခဲ့ကြောင်း ကိုရဲမင်းက ဆက်ပြောသည်။

“သူက သင့်တင့်တဲ့ စီးပွားရေးလေးလုပ်စားရင်းနဲ့ တော်လှန်ရေးကိုလည်း၊ ဒီရခိုင့်တော်လှန်ရေးကိုလည်း ဆက်ကူညီသွားမယ်ပေ့ါနော်။ လက်ရှိလည်း သူက ကူညီဆောင်ရွက်မှုတွေလုပ်ပေးနေတဲ့သူတစ်ယောက်ပေါ့နော်။ ရခိုင့်တော်လှန်ရေးကို ဆက်ပြီးကူညီပေးသွားမယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောသည်။

ထိုင်းထီ ကံထူးခဲ့သူသည် ထိုင်းနိုင်ငံတစ်နေရာတွင် ရေလုပ်သားဘဝဖြင့် အလုပ်လုပ် ကိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ခန့်ရှိခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ငါးဖမ်းလှေ၌ ခေါင်းဆောင် အဖြစ်လုပ်ကိုင်နေသည်ဟု သိရသည်။

 

ဓာတ်ပုံ - MHAC

ဆက်စပ် သတင်းများ