Preview

ဂွမြို့နယ် ကုလားပြင်ဂိတ်အကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ၄ဦး သေဆုံးသွားဟုဆို

စက်တင်ဘာ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :2563
ရခိုင် သတင်း

မင်းသျှင်စော၊ နိရဉ္စရာ၊စက်တင်ဘာ ၂၀/၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ် ၊ကုလားပြင် (ရတနာမြိုင်)ဂိတ်တံတားအကျော်တွင် စစ်တိုက်ရန် မသွားလို၍ထွက်ပြေးကြသည့် စစ်သားများနှင့် ၎င်းတို့အား လိုက်လံတိုက်ခိုက်သည့် စစ်သားများအကြားပစ်ခတ်မှု ဖြစ်ပွားပြီး ၄ ဦးသေဆုံးသွားကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းမြစ်အရ သိ၇သည်။

"သူတို့က စက်တင်ဘာ ၄ ရက်ကစလို့ တိုက်ပွဲ ပြင်းခဲ့တဲ့ ဂန့်ဂေါ်တောင်ဆည်ဖက်ကနေ တချို့ ဒဏ်ရာ ရလို့ နောက်ဆုတ်လာတဲ့ စစ်တပ်ကို  နောက်ထပ် ဂန့်ဂေါ်တောင်ဖက်ကို ပြန်ပို့တယ်လို့ ကြားတယ်။ အဲဒီမှာ သူတို့မသွားရဲလို့ ထွက်ပြေးကြတာ။ ထွက်ပြေးသူ အရေအတွက်က ၁၀ ယောက်ထက် မနည်းဘူးလို့ သိ၇တယ်။ စက်တင်ဘာ၁၆ ရက်နေ့က ထွက်ပြေးတဲ့သူတွေနဲ့ကုလားပြင်စခန်းက တပ်ဖွဲ့ဝင်တွေ ကုလားပြင်တံတားအကျော်မှာ ပစ်ခတ်ကြတယ်။ ထွက်ပြေးတဲ့ စစ်သားတွေအထဲက၃ယောက် သေတယ်။ ပေါင်ကိုထိပြီး  တစ်ယောက်ဒဏ်ရာရတယ်။ သူ့ကိုလည်း ညနေပိုင်စခန်းမှာ ပစ်သတ် လိုက်တယ်လို့  သိ၇ပါတယ်"ဟု၄င်းသတင်းရင်းမြစ်က ပြောသည်။

သေဆုံးသွားသည့် စစ်ကောင်စီ အလောင်းများကိုစက်တင်ဘာ ၁၇ ရက်နေ့ ကုလားပြင်ကျေးရွာ သုဿန်၌ မြေမြှုပ်ခဲ့သည်ဟုဆိုသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ကျိန္တလီမြို့အနီးရှိ  ကုလားပြင်ကျေးရွာ အနီး ဝန်းကျင်တွင်တိုက်ပွဲ ဖြစ်ပွားနေပြီးဂန့်ဂေါ်တောင်ဆည်တွင် တပ်စွဲထားသည့်စစ်သားများမှာလည်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကျအဆုံးအများအပြားဖြင့်  ကုလားပြင်သို့ တပ်ဆုတ်လာခဲ့ရသည်ဟု ၎င်း သတင်းရင်းမြစ်ကပြောဆိုသည်။

“ ကုလားပြင်ကနေ ထွက်ပြေးသွားတဲ့ လက်နက်နဲ့စစ်သားတွေကိုတော့ အေအေဘက်ကလည်း ရှာနေတယ်လို့တော့ ကြားတယ်။ ထွက်ပြေးကြတာ တစ်ဆယ်ကျော်ဆိုတော့နောက်ထပ် တပ်စိတ် တစ်စိတ်လောက်တော့ ကျန်အုံးမယ်ထင်ပါတယ်” ၎င်းကဆက်လက်ပြောကြားသည်။

စက်တင်ဘာ၄ ရက်နေ့ကစပြီးဂန့်ဂေါ်တော်ဆည်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ အကျအဆုံးများသဖြင့် လေကြောင်းနှင့် ရေကြောင်းကပါ စစ်ကူတိုက်ခိုက်ပေးခဲ့သည်ဟု သိ၇သည်။

ထိုသို့ ပစ်ကူပေးခဲ့သော်လည်းမြေပြင်တွင် စစ်ကောင်စီတပ်သားများအကြား စိတ်ဓာတ်ကျဆင်းနေပြီး အချင်းချင်းကြားတွင်လည်း မကျေလည်မှုများ ရှိနေသဖြင့် AA၏ ထိုးစစ်ကို မခုခံမကာကွယ်နိုင်ဘဲ ဖြစ်နေကြောင်း ဒေသအတွင်းက စစ်တပ်အကြောင်းကိုသိသူများက ပြောဆိုသည်။

ယခုသတင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းရန် အခက်အခဲရှိနေသဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိသေးပါ။ (ဓာတ်ပုံ- ပုံဟောင်းသာ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.