နောင်မင်းသူ၊နိရဉ္စရာ၊စက်တင်ဘာ ၂၀/၂၀၂၄
၇ခိုင်ပြည်၊မောင်တောမြို့၃ မိုင်နှင့် မကျည်းချောင်းအနီးအား စစ်ကောင်စီမှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးလာကြဲခဲ့သလို နခခ(၅)ဌာနချုပ်အားလည်း Y-12လေယာဉ် မှ လက်နက်၊ ရိက္ခာများကို လေထီးများဖြင့် ဆက်လက်ချပေးခဲ့ကြောင်း သိ၇သည်။
"မနေ့ကညနေ ၄ နာရီကျော်လောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၃ မိုင်ဝန်းကျင်ကိုဗုံးကြဲချခဲ့တယ်။ဒဏ်ရာသူတစ်ဦး ရှိတယ်လို့ သိရတယ်။ ဒီ နေ့မနက်အရုဏ်မှာလည်း နတ်မြစ်အနီးက မကျည်းချောင်း အနီးကို လည်းဂျက်နဲ့ဗုံးလာချခဲ့တယ်လို့သိ၇တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
နခခ (၅) အား အာရက္ခတပ်တော်က ဝိုင်းရန်ထားပြီး ၎င်းစခန်းအားအလံဖြူထောင် လက်နက်ချရန်လည်း ကမ်းလှမ်းထားကြောင်း သိ၇သည်။
“ အရင်ကတော့ နခခ ၅ မှာ အင်အား ၇၀၀ လောက်တောင် ရှိတယ်လို့ သိရပါတယ်။ အခုက သိပ်များများစားစားမရှိတော့ဘူးလို့ သိရပါတယ်။အေအေရဲ့ စနိုက်ပါနဲ့ လက်နက်ကြီးကြောင့် တော်တော် ပါသွားတယ်လို့ ကြားတယ်။ အထဲကတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကဦးဆောင်ပြီး ဆက်လက်ပြီး ခုခံ နေသေးတယ်လို့ သိ၇ပါတယ်” ဟု၎င်းက ပြောကြားသည်။
လက်ရှိတွင် အာရက္ခတပ်တော်မှအမြောက်ကြီးဖြင့် ၎င်းစခန်းတွင်းသို့ ပစ်ခတ်နေပြီး စစ်ကောင်စီ ဘက်ကလည် ၎င်းစခန်းမကျစေရန် လေကြောင်းနှင့် ရေကြောင်းကနေ အသည်းအသန်ခုခံ ကာကွယ်နေသည်ဟု သိ၇သည်.
နခခ(၅)တပ်ရင်းမှလည်းလက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် စက်တင်ဘာလ၁၈ ရက်နေ့ ညအချိန်ကလည်း ပန်းတောပြင်မွတ်ဆလင် ကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ ပစ်ခတ်နေသဖြင့်နခခ(၅)တပ်ရင်း၌ တာဝေးနှင့် တာတိုပစ်လက်နက်ကြီးကျည်တွေ အများအပြားကျန်ရှိနေနိုင်သေးကြောင်းမောင်တောဒေသခံ စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
"နခခ(၅)မှာတာဝေးနဲ့ တာတိုပစ် လက်နက်ကြီးကျည် အများအပြားရှိနိုင်သေးတယ်လို့ခန့်မှန်းရတယ်။အရင်ကဆိုရင် တစ်မိနစ်မှာလက်နက်ကြီး တစ်လုံးကျလောက်ကို ပစ်တာ။ တစ်ရက်ဆိုရင် အလုံးပေါင်း ရာနဲ့ ချီးပြီးပစ်တယ်။ဒီလိုပစ်နိုင်ဖို့ ဆိုတာ နခခ(၅)မှာ ကျည်တွေထောင်နဲ့ ချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်း၇ပါတယ်” ဟုပြောသည်။
ထို့အပြင် မောင်တော နောက်ဆုံးလက်ကျန်နခခ(၅)စခန်းအား စစ်ကောင်စီမှစက်တင်ဘာ ၁၉ ရက်နေ့ညနေပိုင်း၌ Y-12 ဖြင့်လက်နက်နှင့် ရိက္ခာများအားလေထီးများဖြင့်ထပ်မံပြီးချပေးခဲ့ကြကြောင်း မျက်မြင် ဒေသခံများက ပြောဆိုသည်။
"မနေ့က ညနေပိုင်းမှာ ၃ မိုင်ကိုဂျက်နဲ့ဗုံးကြဲပြီးတာနဲ့နခခ(၅)ကိုY-12 ကနေလေထီးတွေနဲ့ လက်နက်နဲ့ ရိက္ခာတွေထပ်ပြီးချပေးခဲ့ကြတယ်။" ဟုပြောဆိုသည်။
စစ်ကောင်စီသည် နခခ(၅)အား ဩဂုတ်လ ၂၉ ရက်မှ စတင်ကာရိက္ခာနှင့် လက်နက်များ အနည်းဆုံး (၅) ကြိမ်ထက်နည်း ချပေးခဲ့သည်ဟု သိ၇သည်။