သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် ရမ်းသစ်ကြီး-ပိန္နဲတောင်ကားလမ်းပျက်စီးနေ၍ အမြန်ပြုပြင်ရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 104

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၀/ ၂၀၂၄

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် ရမ်းသစ်ကြီး-ပိန္နဲတောင်ကားလမ်း ပျက်စီးနေ၍ အမြန်ပြုပြင်ရန်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယအပတ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါရမ်းသစ်ကြီး-ပိန္နဲတောင် ကားလမ်းမှာ တောင်မြေနိမ့်ကျပြိုဆင်းကာ ပျက်စီးနေခြင်းဖြစ်သည်ဟု သိရသည်။

ပျက်စီးနေသည့် ကားလမ်းမှာ ကွန်ကရစ်လမ်းဖြစ်ပြီး ရမ်းဗြဲမြို့နှင့် ၉ မိုင်ကျော်ခန့်ကွာဝေးသည့်နေရာတွင် လမ်းအလယ်တည့်တည့်မှ အက်ကွဲကြောင်းကြီး ပေါ်လျက်ပျက်စီးနေသည့်အတွက် ကားများသွားလာ၍မရဖြစ်နေပြီး ဒေသခံများမှာ အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။

ဒေသခံတစ်ဦးဖြစ်သူ ကိုဇော်ချေက "လမ်းက ကားတွေသွားလာလို့မရတော့ဘူး။ ဆိုင်ကယ်တွေတော့ သွားလာလို့ရသေးတယ်။ ကားတွေသွားလာလို့မရတော့ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့အခါ အခက်အခဲတွေဖြစ်နေကြတယ်"ဟု ပြောသည်။

အဆိုပါရမ်းသစ်ကြီး-ပိန္နဲတောင်ကားလမ်းမှာ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့၊ မအီမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းတစ်ခုဖြစ်ပြီး ကုန်ပစ္စည်းများသယ်ယူရန်သွားလာရေး၌ အရေးပါသည့် ကားလမ်းတစ်ခုဖြစ်သည်ဟုလည်း သိရသည်။

ယင်းလမ်းပျက်စီးနေခြင်းကြောင့် ရမ်းဗြဲ၊ တောင်ကုတ်နှင့် မအီမြို့တို့မှ ဒေသခံများမှာ ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ရာ၌ ရမ်းဗြဲမြို့နယ်ရှိ ရမ်းပေါက်ကုန်ဘောင်ကျေးရွာမှတစ်ဆင့် ကျောက်ဖြူမြို့နယ်ရှိ စနဲရွာဘက်တို့မှ လှည့်ပတ်သွားနေသည်ဟုလည်း သိရသည်။

"ကုန်တွေသယ်တဲ့အခါကျတော့ လမ်းပျက်နေလို့ စနဲဘက်ကနေ လည်ပတ်သွားလာနေရတယ်။ ခရီးကြန့်ကြာတော့ အချိန်လည်းကုန်တယ်။ တစ်နာရီနဲ့ရောက်မယ့်ခရီးတစ်ခုကို သုံးနာရီလောက်သွားနေရတာလေ။ ဒီလမ်းကအရေးပါတယ်။ ပြန်ပြုပြင်ဖို့လည်း လိုအပ်တယ်"ဟု ရမ်းဗြဲမြို့မှ ကိုကျော်ဝင်းကပြောသည်။

လက်ရှိတွင် အဆိုပါပြိုကျနေသည့် ကားလမ်းကို ပြန်ပြုနိုင်ခြင်းမရှိသေးဟုလည်း သိရသည်။

ရမ်းဗြဲမြို့နယ်ကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

ဓာတ်ပုံ - ပျက်စီးနေသည့် ရမ်းသစ်ကြီး ပိန္နဲတောင်ကားလမ်းအားတွေ့ရစဥ်။ (Photo - ရမ္မာမြေရဲ့ သဘာဝ အလှအပများ)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!