စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 224

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၁ /၂၀၂၄

ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားနေသည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့်မြို့နယ်များရှိ ကျေးရွာ အများအပြားတွင် မိုးရာသီ ခြင်ကိုက်ခြင်းကြောင့် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များပြားလာနေခြင်းဖြစ်သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့် မေလမှစတင်ကာ တောဖျားချောင်းဒေသရှိ ဆင်သီ၊ သြရမ၊ တွင်းဆင်သီ၊ တိပ္ပ၊ လွမ်ပိုး၊ ဆင်သီဖျား၊ ပိုးရွီပြင်၊ ကွမ်းတောင်နှင့် သက်တိုင်တောစသည့် ရွာများ အပါအဝင် ကျေးရွာပေါင်း ၁၃ ရွာတွင် မိုးရာသီကာလ ခြုံနွယ် ထူထပ်ခြင်းကြောင့် ခြင်ပေါက်ဖွားမှုများပြား၍ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရာဂါ ဖြစ်ပွားနေသည်ဟု သိရသည်။

"ငှက်ဖျားနဲ့တုပ်ကွေးတွေဖြစ်နေကြတယ်။ ခြင်အရမ်းကိုက်တယ်လေ။ ခြင်ထောင် ထောင်အိပ်ပေမဲ့လည်း အစုပ်အပြဲဆိုတော့ မလုံတာမျိုးလည်းရှိမှာပေါ့။ ပြီးတော့ ဒီနှစ်ဆို နေ့ဘက်တွေလည်း ခြင်အရမ်းကိုက်တယ်။ အဲ့ကြောင့် တုပ်ကွေးအဖြစ်များကြတယ်"ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ကျောက်တော်မြို့နယ်ရှိ မျောက်တောင်၊ သာစည်၊ မာလာ၊ တင်းမကြီး၊ တင်းမသစ်၊ ပြိုင်းတိုင်း စသည့် ကျေးရွာများတွင်လည်း မိုးရာသီ ခြင်ကိုက်ခြင်းကြောင့် ငှက်ဖျားနှင့် သွေးလွန် တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်နေသည်ဟု သိရသည်။

ပြိုင်းတိုင်းရွာတွင်ဆိုလျှင် သြဂုတ်လနောက်ဆုံးအပတ်က ငှက်ဖျားကြောင့် ကလေးငယ် ၁ ဦး အပါအဝင် သေဆုံးသူ ၄ ဦးအထိရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

ယင်းအပြင် မြောက်ဦးနှင့် မင်းပြားမြို့နယ်မှ ကျေးရွာအချို့တွင်လည်း ပြီးခဲ့သည့် သြဂုတ်လ အစပိုင်းတုန်းက မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရွှံ့နွံတို့နှင့် နောက်ကျိနေသည့် မသန်းရှင်းသောရေများ တင်ကျန်ခဲ့သည့်အတွက် ခြင်ပေါက်ဖွားနှုန်း ပိုများပြားလာကာ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါတို့ဖြစ်ပွားနေကြသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်၊ ပညာသည်ကျေးရွာမှ  ရွာသား တစ်ဦးက"ရေကြီးပြီးတဲ့နောက်ပိုင်း ခြင်တွေပိုများလာတယ်။ ခြင်ကိုက်တော့ အရင်ဆုံး ဖျားတယ်။ ဆေးရုံဆေးခန်းတွေလည်း မဖွင့်တော့ ရွာတွေက ဆေးဆိုင်တွေမှာ သွားပြတယ်။ ငှက်ဖျားဖြစ်တာလို့ သိရတယ်။ ဆိုင်တွေမှာလည်း ဆေးတွေမရှိတော့ ဂရုတစိုက်နေနေရတယ်" ဟု ပြောသည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါရောဂါကိုခံစားနေရသူများမှာ အသက် ၂ နှစ်မှ အသက် ၆၀ ကျော်သက်ကြီးပိုင်းများအထိ ပါဝင်သည်ဟု သိရသည်။

ငှက်ဖျားရောဂါသည် ငှက်ဖျားပိုးကိုသယ်ဆောင်လာသည့်ခြင်းများကြောင့်ဖြစ်တတ်ပြီး ၎င်းခြင်များသည် အများအားဖြင့် စိမ့်စမ်းရေများ၊ ခြုံနွယ်တောထူထပ်သည့်နေရာများနှင့် အအေးဓာတ်များသော နေရာများတွင် ပေါက်ဖွားတတ်သည်။

ထို့အတူ သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်စေသည့်ခြင်များသည်လည်း ရေကြည် ရေသန့် နေရာများတွင် ပေါက်ဖွားတတ်ကြသည်။

အဆိုပါရောဂါများကို ကာကွယ်ရန် လုံခြုံသော ခြင်ထောင်များအောက်တွင် အိပ်စက်ရန် လိုအပ်သလို ခြင်ကိုက်မခံရအောင်လည်း နေထိုင်ရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်း တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်ဦးက ပြောသည်။

"အဲဒီ ရောဂါဖြစ်နေတဲ့ အဆင့်အလိုက် ဆေးသောက်ဖို့လိုအပ်တယ်။ ငှက်ဖျားဖြစ်နေတာကို မသိဘဲ ဖျားနေတာကနေ ဆေးလည်းမစစ်ဘူး။ ဆေးမသောက်ဘူး။ ဘာကုသမှုမှလည်း မခံယူရင် ငှက်ဖျားက ဦးနှောက်ရောက်ပြီး သေစေနိုင်တယ်။ သွေးလွန်တုပ်ကွေး ရောဂါကလည်း အတွင်းမှာသွေးယိုစိမ့်ပြီး သွေးခမ်းတာတွေဖြစ်တတ်တယ်။ ပထမနဲ့ ဒုတိယအဆင့်ဆို ကုသလို့ရသေးတယ်။ တတိယနဲ့စတုတ္ထအဆင့်ဆိုမရတော့ဘူး။ အဲဒီရောဂါတွေဖြစ်နေတာလည်း မသိဘူး။ ဒီအတိုင်း ဆေးမသောက်ဘဲ နေလိုက်ရင် အသက်သေစေတဲ့ အထိအန္တရာယ်ရှိတယ်" ဟု ပြောသည်။

အဆိုပါ ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက ဆေးစစ်မှုခံယူပြီး ရောဂါအဆင့်အလိုက် ဆေးဝါးကုသမှုခံယူရန် လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။

သို့ရာတွင် စစ်ကောင်စီက တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရခိုင်မှ ကုန်းလမ်းနှင့် ရေလမ်းတို့ကို ပိတ်ဆို့ထားသဖြင့် ရခိုင်တွင် ဆေးဝါးရှားပါး ပြတ်လပ်ခြင်းတို့နှင့် ရင်ဆိုင်နေရသည်။

အရေးပေါ်ဆေးဝါးလိုအပ်ပါကလည်း ဆေးရှာမရသည့်အခက်အခဲများဖြင့် ရင်ဆိုင် နေရသည်ဟု ရခိုင်မှ ဒေသခံပြည်သူများက ပြောသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် စစ်တွေမြို့တွင် ခြင်ဆေးဖျန်းနေသည်ကို တွေ့ရစဥ်။

ဆက်စပ် သတင်းများ