စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် ကျေးရွာသားများကို စစ်ကောင်စီက အတင်းဓမ္မနေ့ကင်းစောင့်ခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 178

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၁ /၂၀၂၄

ရခိုင်ပြည်  ဂွမြို့နယ် မြောက်ပိုင်း သံတွဲ- ဂွလမ်းပေါ်ရှိ ကျေးရွာများမှ ရွာသားများအား စစ်ကောင်စီတပ်မှ အတင်းဓမ္မ နေ့ကင်းစောင့်ခိုင်းနေသဖြင့် အလုပ်အကိုင် ပျက်ကာ အခက်အခဲဖြစ်နေကြရသည်ဟု ကျေးရွာသားများက နိရဉ္စရာသို့ ပြောကြားသည်။

"  ရွာသားတွေကို ပြည်သူ့စစ်တွေ၊ စစ်ကောင်စီတပ်သားတွေနဲ့ ရောပြီး ဂိတ်တွေမှာ ဂိတ်စောင့် ချထားတယ်။  အဖွဲ့လိုက် စောင့်ရတယ်။ ဘာလို့လည်းဆိုတော့ လူတွေဂိတ်ကိုဖြတ်သွားရင် ဒီလူကသူစိမ်း၊ ဒီလူက ရွာခံသား ဆိုတာသိနိုင်အောင်လို့ပေါ့။ အဓိက အေအေတွေ ဝင်လာတာကိုလည်း သိနိုင်အောင်လို့ ကင်းစောင့်ခိုင်းတာလေ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်မှစတင်၍ ဂွမြို့အနီးရှိ ရွှေနန်းခိုင်၊ ဆပ်သွားနှင့် ကြွေချိုင်စသည့် စစ်ဆေးရေးဂိတ်တို့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ကင်းစောင့်ခိုင်းထားခြင်းသဖြင့် အလုပ်အကိုင်ပျက်ကာ ဒေသခံအများစုမှာ ဒုက္ခရောက်နေကြရသည်ဟု အမည်မေဖာ်လိုသည့် ဒေသခံအမျိုးသား တစ်ဦးက နိရဉ္စရာကိုပြောသည်။

ရွှေနန်းခိုင်ဂိတ်သည် ခမရ (၅၆၂) တပ်စခန်း၏အထွက် ဂွမြို့မှ ကျိန္တလီဘက်သို့သွားသည့် လမ်းတွင်ရှိပြီး ဆပ်သွားဂိတ်သည် ဂွမြို့နှင့် မိုင် ၂၀ အကွာအဝေးတွင်ရှိသလို ကြွေချိုင်ဂိတ် သည်လည်း ဂွမြို့နှင့် ၂၇ မိုင် အကွာအဝေးတွင် ရှိသည်ဟု ဒေသခံများက ပြောသည်။

ဂွမြို့အပါအဝင် မြို့အနီးအနားရှိ တိုင်ကျိုး၊ ဂျိုင်ကောက်၊ ဆပ်သွား၊ အလယ်ရွာ၊ ပိန္နဲကုန်း၊ ကျောင်းတောင်၊ ဇီးကုန်းရွာ စသည့် ရွာ ၁၀ ရွာခန့်တို့မှ ဒေသခံများကို တစ်အိမ်လျှင် တစ်ဦး ကျစီဖြင့် နေ့ဘက်တွင်သာ ကင်းစောင့်နေကြရသည်ဟု ဆိုသည်။

“မနက် ၆ နာရီသွားရတယ်။ အသုတ်လိုက် ခွဲတမ်းနဲ့ပေါ့။ တိုက်ပွဲဖြစ်ရင်တော့ အလွယ်ဘူး။    ညဘက်တွေမှာတော့ ခေါ်ယူမှုမရှိပါဘူး” ဟု ပြောဆိုသည်။

ကင်းစောင့်ခိုင်းသည်ကို မလိုက်နာပါက စစ်ကောင်စီက ဂွမြို့နယ်အတွင်း ဆန်နှင့် စားသောက်ကုန်များ သယ်ယူခွင့်မပေးဟု အကျပ်ကိုင်ခြိမ်းခြောက်ထားသည်ဟုလည်း အထက်ပါဒေသခံက ဆက်ပြောသည်။

"ကျေးရွာကလူတွေက ဒီလိုမပူးပေါင်းဘူး၊ ကင်းစောင့်ဖို့မလာဘူးဆိုရင် တစ်နေရာကို ဆန်သယ်ယူခွင့်မပေးဘူး။ ဒေသခံတွေကို အကျပ်ကိုင်ထားတာပေါ့"ဟု ပြောသည်။

ဂွမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ရွာကြီးလျှင်ကြီးသလို၊ ငယ်ရင်ငယ်သလို ရွာအနေအထားအပေါ်မူတည်ပြီး အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသားများကို ဦးတည် ခေါ်ယူပြီး ကင်းစောင့်ခိုင်းသည်ဟု ပြောသည်။

"ရွာသားတွေက မလုပ်ချင်ကြဘူး ငြင်းကြတယ်။ ငြင်းရင် ဘာစားကုန်မှ မသယ်ရဘူးလို့ စစ်ကောင်စီက အကျပ်ရိုက်တယ်လေ။ မလာတဲ့ရွာတွေက တခြားရွာတွေကနေ ဘာစားကုန်မှ သယ်ခွင့်မရှိဘူးလို့ ပြောတယ်"ဟု ပြောသည်။

ဂွမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်မှစတင်ကာ တိုက်ပွဲပြင်းထန်နေခဲ့သည့်အတွက် ဒေသခံအများစုမှာ ပြည်မဘက်နှင့် တခြားဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။

အချို့လည်း မတိမ်းရှောင်ဘဲ ဂွမြို့နယ်တွင် ဆက်လက်နေထိုင်သူများရှိနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်၊ နေ့လယ်ခန့်မှစ၍ စစ်ကောင်စီက ဂွမြို့နယ်တောင်ပိုင်း တိုင်ကျိုးကျေးရွာ နောက်ကျောဖက် တောင်တန်းမှ  ကြွေချိုင်ကွက်သစ် ကျေးရွာ နောက်ကျောအထိ (AA) ဝင်ရောက်လာနိုင်သည့် နေရာများတွင် မိုင်းများ ထောင်နေကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဂွမြို့တွင် စစ်ကောင်စီက AA ၏ ထိုးစစ်ကို ခုခံသည့်အနေဖြင့် ဘုရားတောင်ပေါ်များအပါအဝင် နေရာအချို့တွင် အမြောက် ၅ ခုတပ်စွဲ၍ နေရာယူထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ဂွမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုအား ၂၀၂၄ ခုနှစ်အတွင်းတွေ့ရစဥ်။

ဆက်စပ် သတင်းများ