စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ပြည်သို့ နိုင်ငံခြားထုတ်၊ ပြည်မထုတ်၊ အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်မှန်သမျှ တင်သွင်းခွင့်မပြုတော့ဟု ULA အမိန့်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

( လက်ရှိ ရှိနေသော ရခိုင်ပြည်ရှိ အရက်များအားလုံး ၃ လအတွင်း အပြီးသတ်ရောင်းချရမည်)


မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၂၁ /၂၀၂၄

ရခိုင်ပြည်သို့ ပြည်ပမှတင်သွင်း ဝင်ရောက်နေသည့် နိုင်ငံခြားထုတ်အရက်များနှင့် ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်မှန်သမျှကို တင်သွင်းခွင့်မပြုတော့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က အမိန့်ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၁၉ ရက်မှစ၍ ကန့်သတ်တားဆီးလိုက်ခြင်းဖြစ်သည်ဟု ULA ၏ ဗဟိုဌာနရုံးချုပ် အတွင်းဝန်ရုံးမှ စက်တင်ဘာ ၁၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမိန့်ကြေညာချက်အား အာရက္ခဒေသ၏ ပြင်ပမှ ယစ်မျိုးကုန်စည်များ တင်သွင်းနေကြသည့် လုပ်ငန်းရှင်ကုန်သည်၊ ကိုယ်စားလှယ်ယူထားသူများ၊ လက်လီ၊ လက်ကား ရောင်းချနေကြသည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနားလည်စေရန်နှင့် လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ ဒေသ နိုင်ငံရေး၊ အုပ်ချုပ်ရေးဌာနတာဝန်ရှိသူများက စနစ်တကျကြီးကြပ်ရမည်ဟု အမိန့်စာတွင် ဖော်ပြထားသည်။

ယခုအမိန့်စာထုတ်ပြန်ခြင်းမှာ ဟုတ်မှန်ပြီး ရခိုင်ရှိ စစ်ဒေသအလိုက် တရားဝင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟုလည်း ရခိုင်မှ နိုင်ငံရေးမှူးတစ်ဦးက နိရဥ္စရာကို အတည်ပြု ပြောသည်။

"ပြည်သူတွေအားလုံးသိအောင်ထုတ်ပြန်တာဖြစ်တယ်။ လျှို့ဝှက်လည်း မဟုတ်ဘူး။ ရခိုင် တစ်ပြည်လုံးကို ပိတ်တာပါ"ဟု ပြောသည်။

ရခိုင်တွင် လက်ကျန်ရှိနေကြသည့် ပြည်ပမှဝင်လာသည့် နိုင်ငံခြားထုတ်၊ ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန်မှန်သမျှကိုလည်း ဤအမိန့်ကြေညာစာထုတ်ပြန်သည့်နေ့မှ (၃)လအတွင်း အပြီးသတ် ကုန်အောင်ရောင်းချကြရမည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။

တော်လှန်ရေးကာလအတွင်း ကန့်သတ်တားဆီးထားသည့် ယစ်မျိုးကုန်များအား ထပ်မံ တင်သွင်းခြင်း လုံးဝမပြုလုပ်ရသည့်အပြင် ထပ်မံတင်သွင်းခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဟုလည်း ဖော်ပြထားသည်။

ရခိုင်မှ ယစ်မျိုးကုန်ရောင်းချသူအမျိုးသမီးတစ်ဦးကလည်း သူတို့ကို ULA တာဝန်ရှိသူများက ယမန်နေ့ စက်တင်ဘာ ၂၀ ရက်တွင် ခေါ်ယူကာ ယခုကိစ္စအား ရှင်းပြပြောဆိုခဲ့သည်ဟု နိရဥ္စရာကို ပြောသည်။

"၃ လအတွင်း အကုန်ရောင်းရမယ်။ မကုန်ရင် လွှင့်ပစ်ရမယ်။ တွေ့ရင်အရေးယူမယ်ပေါ့နော်။ အဲလိုမျိုးပါ။ ဆိုတော့ ကျမတို့အတွက် ဆုံးရှုံးနစ်နာမှု၊ ဟိုဟာဒီဟာဆိုကတော့ သာတယ်၊ နာတယ်ဆိုတာကတော့ ကျမတို့အတွက် သူတို့ဘက်က အဲလောက်တောင်မှ ပြတ်သားနေမှတော့ ကျမတို့ဘက်က Complain တော့ တစ်ခုမှ မရှိပါဘူး"ဟု ပြောသည်။

ရခိုင်တွင် နိုင်ငံခြားထုတ်နှင့် ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်များအစား ရခိုင်ဒေသထွက် အရက်တစ်ခုတည်းကိုသာ ရောင်းချကြရမည်ဟုလည်း ULA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း သူမက ပြောသည်။

ယင်းအပြင် ဒေသထွက် အရက်ကိုလည်း ယခုထက်ပိုမို အဆင့်မီထုတ်လုပ်နိုင်ရန် ပံ့ပိုး ကူညီပေးသွားမည်ဟုပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်မှ လူငယ်အမျိုးသားတစ်ဦးက "ပြည်တွင်းအရက်ကို သောက်ရမယ် ဆိုရင် ပြည်တွင်းအရက်ကို ဘယ်လိုပုံစံမျိုး အဆင့်မြင့်မြင်ထုတ်နိုင်မလဲ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုမျိုးထုတ်လုပ်ဖို့စီစဉ်ထားပါလဲ။ ဘယ်လောက်ထိ အဆင့်မြင့်တင်နိုင် မလဲ။ ဘေးထွက်ဆိုးကျိုးမရှိအောင် စမ်းသပ်စစ်ဆေးပြီးတော့ ဈေးကွက်ထဲကိုဖြန့်မလဲ စတဲ့လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြည်သူတွေကို အသိပေးချပြသင့်တယ်"ဟု ပြောသည်။

ရခိုင်တွင် စီးပွားရေးကျဆင်းနေသော်လည်း နိုင်ငံခြားထုတ်နှင့် ပြည်မထုတ် အရက်၊ ဘီယာများ သောက်သုံးမှုများမှာ လျော့မသွားသေးဟု သိရသည်။

ယင်းသို့ နိုင်ငံခြားထုတ်နှင့် ပြည်မထုတ် အရက်၊ ဘီယာများကို ရခိုင်ပြည်တွင် တွင်တွင်ကျယ်ကျယ် သောက်သုံးနေခြင်းမှာ  ကိုယ့်ရခိုင်ပြည်ထဲမှငွေကြေးများ ပြည်မဘက်သို့ စီးဆင်းသွားသလို  စစ်ကောင်စီကိုလည်း အထောက်အကူပြုရာရောက်နေသဖြင့် ယခု တားဆီးပိတ်ပင်မှုမှာ ကောင်းသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ်သည်။

ဦးဖေသန်းက "ကိုယ့်ပြည်ကထွက်လာတဲ့ အရက်တွေကို ကိုယ့်တိုင်းပြည်မှာရှိတဲ့ တော(ဆန်) အရက်ကုန်ကြမ်းကို အဆင့်အတန်းမီတဲ့ ကုန်ချောဖြစ်စေချင်တယ်။ နိုင်ငံခြားအရက်တွေ မဝင်ဘဲ ကိုယ့်ပြည်ကလုပ်ငန်းရှင်တွေကို အကောင်းဆုံးလုပ်စေချင်တဲ့ ရည်ရွယ်ချက်ပါ"ဟု ပြောသည်။

ULA က ယခုကဲ့သို့ကန့်သတ်တားမြစ်လိုက်မှုမှာ ရခိုင်ဒေသထွက် အရက်များကို အရည်အသွေး၊ အဆင့်အတန်းမီ ထုတ်လုပ်သုံးစွဲနိုင်ရန်လည်း ရည်ရွယ်သည်ဟုလည်း သူက ဆိုသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ ပြည်တွင်းထုတ်၊ အထူးသဖြင့် စစ်ကောင်စီလက်အောက်ခံကုမ္ပဏီများကထုတ်လုပ်သည့် အရက်၊ ဘီယာနှင့်ယစ်မျိုးကုန်များကို မသုံးစွဲဘဲ ဆန့်ကျင်သပိတ်မှောက်ကြရန် အာဏာသိမ်းမှုဆန့်ကျင်သူများက တိုက်တွန်းထားကြသည်။

သို့သော် ရခိုင်အပါအဝင် တစ်နိုင်ငံလုံးတွင် သုံးစွဲမှုလျော့ကျသွားခြင်းမရှိသေးဟုလည်း သိရသည်။

 ဓာတ်ပုံ - အင်တာနက်

ဆက်စပ် သတင်းများ