စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားသည့် အရပ်သားများအထဲက ၁၀ ဦး ပြန်လည်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 116

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၁/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားသည့် အရပ်သားများအထဲမှ ၁၀ ဦးပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ ဦးခင်မောင်ဝင်း (၆၀)နှစ် ၊ ကိုသိန်းဆန်းချေ (၂၀ ကျော်)၊ ဦးမောင်သန်းထွန်း (၄၇)နှစ်၊ ကိုထွန်းထွန်း (၃၀ ကျော်)၊ ဦးပလာတူး (၄၀)နှစ်၊ ကုလားချေ (၄၀)နှစ်၊ ဦးခင်မောင်သိန်း၏သား Grade -(12)ကျောင်းသား အပါအဝင် ၁၀ ဦးတို့ဖြစ်ကြသည်။

သူတို့သည် စစ်တွေမြို့၊ ရွှေပြားရပ်ကွက်မှဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် စစ်တွေမြို့မရဲစခန်းက လွှတ်ပေးလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အရိုက်ခံရတဲ့ ဒဏ်ရာနဲ့ တစ်ယောက်ပါတယ်လို့ ကြားတယ်။ Grade -(12)အရွယ် ကျောင်းသားတစ်ယောက်လည်း ပါတယ်။ ပြီးရင် အသက် ၂၀ နဲ့ ၄၀ ကျော်ဝန်းကျင်တွေလည်း လွတ်လာတဲ့အထဲ ပါပါတယ်" ဟုပြောသည်။

ယခုလွတ်​မြောက်လာသူများသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် တစ်ပတ်အကြာ လွတ်မြောက်လာသူများ ဖြစ်သည်။

ယင်းနေ့က စစ်ကား ၇ စီးဖြင့် စစ်တွေရှိ ရွှေပြား၊ မိဇံ၊ တရားသီးစုရပ်ကွက်တို့အပါအဝင် စစ်တွေမြို့ စာတိုက်အနီးရှိ သူနာပြုအိမ်ရာအနီးမှနေ၍ မိဇံကမ်းနားလမ်းတောက်လျှောက်၊ မိဇံကမ်းနားလမ်းတွင် ကုန်ထမ်းနေသူများ၊ စစ်တွေတွင် အိမ်စောင့်ကျန်ခဲ့သူများနှင့် လမ်းသွားလမ်းလာများကိုပါ လိုက်လံဖမ်းသွားပြီး စုစုပေါင်း လူဦးရေ ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။

ယင်းနေ့ည ၈ နာရီကျော်ခန့်ကလည်း အမျိုးသမီး ၂ ဦး၊ Grade - (11)၊ Grade - (12) ကျောင်းသားများနှင့် အသက် ၇၀ ကျော်အရွယ် အမျိုးသားများအပါအဝင် စုစုပေါင်း လူဦးရေ ၂၀ ကျော်ခန့် စတင် လွတ်မြောက်ခဲ့သည်။

မလွတ်မြောက်ဘဲ ကျန်နေသူများမှာလည်း တစ်ပတ်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ် မရရှိသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

"ထမင်းသွားပို့လည်း တွေ့ခွင့်မရဘူး။ နေကောင်းလား။ ကျန်းမာလား မသိရဘူး။ တချို့ဆိုရင် ဆင်းရဲကြတော့ ထမင်းမပို့နိုင်တဲ့သူတွေတောင်ရှိတယ်။ လက်လုပ်လက်စားတွေ များတာကိုး။ အကုန်လုံးကိုတော့ ပြန်လွတ်စေချင်တာပေါ့"ဟု ပြောသည်။

မလွတ်မြောက်ဘဲကျန်ရှိသေးသူများတွင် ဆယ်ကျော်သက်အရွယ်မှ အသက် ၆၀ ဝန်းကျင်ခန့် အထိပါဝင်ပြီး စစ်တွေမြို့မရဲစခန်းတွင် နှိပ်စက်၊ ရိုက်နှက်၊ မေးမြန်းခံရမှုများလည်း ရှိနေကြောင်းလည်း သိရသည်။ 

ယမန်နေ့ စက်တင်ဘာ ၁၉ ရက်၊ နေ့လယ်ပိုင်းကလည်း စစ်တွေရှိ လမ်းမတော်၊ အိုးတန်း ဧစေတီနှင့် စစ်တွေမြို့မဈေးကြီးအနီးတဝိုက်တွင် လမ်းသွားလမ်းလာများနှင့် စျေးထဲတွင် အလုပ်လုပ်နေသူများ၏ဖုန်းများကို တစ်ခုမကျန် စစ်ဆေးခဲ့ကာ ရခိုင်မျိုးနွယ်စုဝင် မရမာကြီး ၄ ဦးနှင့် ရခိုင်လူမျိုး ၃၀ ခန့်ကို ဖမ်းဆီးသွားကြောင်းလည်း သိရသည်။

စစ်တွေမြို့ပေါ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော် စစ်တွေမြို့နယ် အရှေ့မြောက်ဘက်ရှိ မင်းလှကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့သည် ဩဂုတ် ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာလျက်ရှိနေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ အလောင်း ၃၀ ကျော်နှင့် လက်နက် ၅၀ ကျော် သိမ်းဆည်း ရမိခဲ့သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ထိုသို့ စစ်တွေတွင် စစ်ရေးတင်းမာနေချိန် ရဲနှင့်စစ်တပ်သည် အပြစ်မဲ့ အရပ်သားများအား အကြောင်း အမျိုးမျိုးပြကာ ဖမ်းဆီးငွေညှစ်နေသည်ဟု ဒေသခံများက ပြောသည်။

အချို့ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ရွေးခိုင်းပြီးပြန်လွှတ်ပေးမှုများရှိသလို အချို့မှာလည်း ငွေကြေး မတတ်နိုင်သဖြင့် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေသူများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား နောက်ဆုံးခံတပ်အဖြစ် စစ်ရေးအရ အကြီးအကျယ် ပြင်ဆင်နေပြီး ကမ်းနားလမ်း တောက်လျှောက်ကိုလည်း ခြံစည်းရိုးခတ်ထားကာ လမ်းသွား လမ်းလာများကိုလည်း စစ်ဆေးနေသည်ဟု သိရသည်။

မြို့သူ မြို့သားများကိုလည်း မြို့ကနေ ထွက်သွား၍မရအောင် ပိတ်ဆို့ထားပြီး ဓားစာခံများ အဖြစ် အသုံးချထားသည်ဟု သိရသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုလတွင် စစ်တွေမြို့မရဲစခန်းအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ