တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရခိုင်မှစစ်ဘေးရှောင်များအတွက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)က ငွေကျပ်သိန်း ၂၀၀ လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 232

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၂/၂၀၂၄

ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(ဂျပန်)က ရခိုင်စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ဆေးဝါးများ ဝယ်ယူရန် စက်တင်ဘာ ဒုတိယအပတ်က ငွေကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရုံး(HDCO)မှတဆင့် ဆက်သွယ်လှူဒါန်းထားသည်ဟု ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(ဂျပန်)ANDP ဥက္ကဋ္ဌ ကိုထွန်းထွန်းဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"ဆေးဝါးကိုဝယ်ယူနိုင်ဖို့ အဓိကထားပြီးလှူဒါန်းတာပါ။ ရခိုင်ကစစ်ဘေးရှောင်တွေမှာ ဆေးဝါး အကူအညီတွေလိုနေတဲ့သတင်းတွေ တွေ့နေရတော့ စိတ်မကောင်းဘူး။ တချို့နေရာတွေမှာ အရေပြားရောဂါတွေ၊ ဝမ်းလျှောရောဂါတွေဖြစ်နေတာတွေမြင်နေရတော့ ဒီလို ဆေးဝါး အတွက် အဓိကထားလှူဖြစ်တာပါ" ဟုပြောသည်။

အဆိုပါအလှူငွေများမှာ ဂျပန်ရောက် အာရက္ခပြည်သူများနှင့် အလှူငွေကောက်ခံမှုတွင် ပါဝင်ခဲ့ကြသည့် သွေးချင်းညီနောင်များ၊ ဂျပန်လူမျိုးများ၊ မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများမှ ကောက်ခံထားသည့် အလှူငွေများဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ အလှူငွေရရှိအောင် လှူဒါန်းသူများကိုလည်း ကျေးဇူးတင်ရှိပြီး ရခိုင်ရှိ ရေဘေး ဒုက္ခသည်များကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဟု ANDP မှ နောက်ထပ် တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"ကျနော်တို့ နောက်ထပ် ရခိုင်က ရေဘေးဒုက္ခသည် တွေကို ဆက်လက်လှူဒါန်းသွားဖို့ရှိပါတယ်။ အခုအလှူငွေထဲမှာလည်း ဂျပန်ရောက် ရခိုင်တွေရော၊ ဗမာတွေရော၊ တိုင်းရင်းသားတွေ ဝိုင်းဝန်းပြီး လှူပေးကြတော့ အတိုင်းမသိဝမ်းသာပါတယ်" ဟု ပြောသည်။

အလှူငွေများကို HDCO က လိုအပ်သည့် နေရာများကို စီမံကာ ဖြန့်ဝေသွားမည်ဟု သိရသည်။

ရခိုင်ပြည်မှ မင်းပြား၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကလေးများအပါအဝင် စစ်ဘေးရှောင်ရာနှနှင့်ချီ အရေပြားရောဂါနှင့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားနေသည်ဟု သိရသည်။

ဆေးဝါးများမလုံလောက်သဖြင့် အချိန်မီမကုသနိုင်၍ သေဆုံးမှုများရှိနေပြီး ဆေးဝါး အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဖြစ်ပွားနေသည့် AA နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများကြောင့် ရခိုင်တွင် အိုးမဲ့အိမ်မဲ့ဖြစ်သူများနှင့် နေရပ်စွန့်ခွာထွက်ပြေးရသူ သိန်းနှင့်ချီရှိနေပြီဟု သိရသည်။


 

ဆက်စပ် သတင်းများ