တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်သည် စစ်အာဏာရှင်အဆက်ဆက်၏ဒဏ်ကို အလူးအလဲ အခံရဆုံးပြည်နယ်တစ်ခုဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 168

(နောက်ဆုံးအောင်ပွဲအတွက် စိတ်ဓာတ်နဲ့ခံနိုင်ရည်ကို စမ်းသပ်နေခြင်းဟုဆို)

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၃/ ၂၀၂၄

ရခိုင်ပြည်နှင့် ရခိုင်လူထုသည် စစ်အာဏာရှင်အဆက်ဆက်၏ ဒဏ်ကို အလူးအလဲ အခံရဆုံး ပြည်နယ် တစ်ခုဖြစ်ပြီး ယနေ့ ကြုံတွေ့နေရသည့် အခက်အခဲများမှာ နောက်ဆုံးအောင်ပွဲအတွက် စိတ်ဓာတ်နှင့် ခံနိုင်ရည်ကို စမ်းသပ်နေခြင်းဖြစ်သည်ဟု မြန်မာ နိုင်ငံရေး လေ့လာသုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့်က ပြောဆိုလိုက်သည်။

"ကျွန်တော်က ရခိုင်ပြည်သူတွေကို အများကြီးစာနာထောက်ထားပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ရဲ့ဒဏ်ကို အလူးအလဲအများကြီးခံစားခဲ့ရတာပါ။ အခံရဆုံး ပြည်နယ်တစ်ခုပါ။ ကျွန်တော်တို့ (ဗမာ)က အခုမှခံရတာပါ။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေကိုပြောချင်တာ တောင့်ထားပါ။ ခင်ဗျားတို့နိုင်မှာပါလို့ပြောချင်တယ်” ဟု ပြောဆိုသည်။

အမေရိကန်တို့ကို ဗီယက်နမ်တို့က နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မည်မျှပင် အင်အားသာပါစေ စိတ်ဓာတ်မှာ ပိုအရေးကြီးကြောင်း ၎င်းကပြောဆိုသည်။

“ နောက်တချက်က ဗီယက်နမ်ကို အမေရိကန်က ဒုတိယကမ္ဘာစစ် တကမ္ဘာလုံးမှာကြဲချတဲ့ ဗုံးတန်ချိန် ၃ ဆခွဲ အထိကြဲချတာ။  နောက်ဆုံးစစ်ရှုံးပြီး အမေရိကန် ထွက်ပြေးရတယ်။ စိတ်ဓာတ်ဘဲ။  အခုဖြစ်နေတဲ့ အခြေအနေက နောက်ဆုံးစိတ်ဓာတ်နဲ့ခံနိုင်ရည်ကို စမ်းသပ်နေတာ။ တိုင်းပြည်ပြန်လည်တည် ဆောက်တဲ့အခါ အဆတစ်ရာလောက် စိတ်ဓာတ်တွေ ခိုင်မာမှုရသွားမယ်။”

၎င်းပြင် ရခိုင်တွင် ခေါင်းဆောင်ကောင်းများရရှိနေပြီး အာရက္ခတပ်တော်၏ စွမ်းဆောင်ရည်မှာလည် ချီးကျူးစရာကောင်းကြောင်း ဦးကြီးမြင့်က ဆက်လက်ပြောဆိုသည်။

“ အရက္ခတပ်တော် ရဲ့စွမ်းဆောင်ရည်ကတော့ အံ့မခမ်းဘဲ။ ကမ္ဘာကတောင်ချီး ကျူးလေးစားရတဲ့ အဆင့်ကို ရောက်သွားပြီ။ အရက္ခတပ်တော်ကြီးဟာ နေရာတကာတိုင်းမှာ အောင်နေတယ်။ စိတ်ဓာတ်ကလဲကောင်းတယ်။ အကျင့်စာရိတ္တကလဲကောင်းတယ်။ ခေါင်းဆောင်တွေကလည်းကောင်းတယ်။ ဗမာပြည်မှာ ခေါင်းဆောင်ကောင်း ရဖို့ အရမ်းခက်တယ်” ဟုပြောသည်။


အရက္ခတပ်တော် (AA)၏ အောင်မြင်မှုတချို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေးသည် ပိုမိုနိုးထလာခြင်းဖြစ်ပြီး အပြန်အလှန်အားဖြင့် နွေဦးတော်လှန်ရေးနိုးထသကဲ့သို့ အရက္ခတပ်တော်အတွက်လည်း အားတက် စေခဲ့ကြောင်း၊ အပြန်အလှန်ဆိုသည့် နေရာတွင် ညီနောင် ၃ ဖွဲ့၏ အားကြောင့် နွေဦးတော်လှန် ရေး ပိုမိုနိုးထရသည်မှာလည်း မှန်ကန်ကြောင်းလည်းသူက ပြောသည်။

ရခိုင်လူမျိုးတို့သည် ဟိုယခင်ကတည်းက လွတ်လပ်သောတိုင်းပြည်နိုင်ငံနှင့်နေထိုင်ခဲ့သော လူမျိုး တစ်မျိုးဖြစ်ပြီး ရခိုင်လူမျိုးများအနေဖြင့် သူတို့ကြိုက်တာကို ရွေးချယ်ဆုံးဖြတ်နိုင်ကြောင်း ပြောဆိုသည်။

“ ရခိုင်ပြည်ကို အေအေခေါင်းဆောင်ပြီးတော့ ကောင်းမွန်စွာတည် ဆောက်နိုင်မယ်ဆိုတာ အကြွင်းမဲ့ ယုံတယ်။  စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်၊ စစ်အာဏာရှင် အဆက်ဆက်ဒဏ်ကို အကြီးအကျယ် ခံခဲ့ရတဲ့ ရခိုင်လူမျိုးများကို စာနာပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေကြိုက်တာ ဆုံးဖြတ်နိုင်ပါတယ်။ ရခိုင်ဆိုတာ ဟိုတုန်းကတည်းက လွတ်လပ်စွာနေထိုင်ခဲ့တဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်”ဟု  ဦးကြီးမြင့်ကပြောသည်။

ရခိုင်လူမျိုးတို့သည်  ၁၇၈၅ ခုနှစ်မတိုင်မီထိ လွတ်လပ်သော အချုပ်အာဏာပိုင်နိုင်ငံတစ်ခုဖြင့် နေလာခဲ့သော လူမျိုး တစ်မျိုးဖြစ်ပြီး ရခိုင်တို့စည်းလုံးညီညွတ်မှု ပြိုကွဲနေမှုကို အခွင့်ကောင်းယူကာ ဗမာဘုရင် ဘိုးတော်ဘုရားက စစ်မကြေညာဘဲ ရုတ်တရက် ဝင်တိုက်မှုကြောင့် ရခိုင်တို့၏ အချုပ်အချာ အာဏာ ကျဆုံးခဲ့ကြသည်ဟု ရခိုင်သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ 

ထိုသို့ အချုပ်အချာအာဏာကျဆုံးခဲ့ရသော်လည်း ရခိုင်အမျိုးသားခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာအမျိုးသားခေါင်းဆောင်များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ကာ ဗြိတိသျှနယ်ချဲ့ လက်အောက်က  မြန်မာနိုင်ငံ တစ်စုတစ်စည်းတည်း လွတ်လပ်ရေးကို ရယူခဲ့ကြသည်။

ရခိုင်လူမျိုးတို့သည် ဗမာလူမျိုးများနှင့် လက်တွဲ၍ လွတ်လပ်ရေးကို ရယူခဲ့ကြသော်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိလာသောအခါ ရခိုင်ပြည်ကို သီးခြားနိုင်ငံအဖြစ် ပြန်လည်ထူထောင်သွားမည်ကို စိုးရိမ်၍ အုပ်ချုပ်သူ ဗဟိုအစိုးရအဆက်ဆက်သည် ရခိုင်ပြည်သူများအပေါ် နိုင်ငံရေးညစ်လုံးအမျိုးမျိုးကို အသုံးပြုပြီး နည်းမျိုးစုံဖြင့် ဖိနှိပ်သွေးခွဲအုပ်ချုပ်လာခဲ့ကြသည်။

ထိုသို့ အုပ်ချုပ်မှုကြောင့် နယ်ချဲ့ဗြိတိသျှတို့ အုပ်ချုပ်စဉ်က အချမ်းသာဆုံး၊ ပညာတတ် ပေါကြွယ်ဆုံး ဒေသတစ်ခုဖြစ်ခဲ့သော ရခိုင်ပြည်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီး နှစ်ပေါင်း (၇၀) ကျော်အကြာတွင် တိုင်းနှင့် ပြည်နယ် (၁၄) ခုတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ် အဖြစ်သို့ ကျဆင်းခဲ့ရသည်ဟု လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး ညွှန်းကိန်းများအရ သိရှိရသည်။  

 

ဆက်စပ် သတင်းများ