တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မောင်တော နခခ (၅) တပ်မမှူး သူရိန်ထွန်းအား အရှင်ရလျှင် သိန်း (၁၀၀) ပေးမည်ဟု သတင်းထွက်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

နောင်မင်းသူ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၃/၂၀၂၄

မောင်တော အခြေစိုက် နခခ(၅) နယ်ခြားစောင့်တပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အရှင်ရလျှင် အာရက္ခတပ်တော်( AA)က ကျပ်သိန်း ၁၀၀ ပေးမည်ဟု ဆုကြေးထုတ်ထားကြောင်း တပ်တော်အတွင်းကလာသော သတင်းများကို ကိုးကားပြီး အရပ်သားများ ပြောဆိုကြသည်။

"နခခ(၅)တပ်ရင်းမှာ အထိုင်ချပြီး ခုခံနေတဲ့ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲရေးမှူး တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းမိတဲ့သူကို ကျပ်သိန်းတစ်ရာပေးမယ်လို့ တပ်တော်က တပ်ဖွဲ့ဝင်တွေကိုအသိပေးထားတယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကျပ်သိန်း (၁၀၀) ဆုကြေးငွေထုတ်ထားသည်ကို ဒေသခံများအကြား ပြောဆို နေကြသော်လည်း အာရက္ခတပ်တော်က တစ်စုံတစ်ရာတရားဝင် ထုတ်ပြန်ထားခြင်း မရှိသဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

၎င်းပြင် တပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား တယ်လီဂရမ်မှ တစ်ဆင့် ဆက်သွယ်မေးမြန်း ထားရာတွင်လည်း အကြောင်း ပြန်ကြားခြင်း မရှိသေးပါ။

နခခ(၅) တပ်ရင်းအား ဘူးသီးတောင် အခြေစိုက်အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အဖြစ်သတ်မှတ်ပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်း ကိုယ်တိုင် ဦးဆောင်ခုခံနေကြောင်း စစ်ကောင်စီတပ် အသိုင်းအဝိုင်းမှသိရပြီး အာရက္ခတပ်တော်ကလည်း ၎င်းစခန်းအား လေးဘက် လေးတန်က ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။

၎င်းနခခ (၅)မှ အပါအဝင် တပ်သားများမှာ ထွက်ပြေးရန် လမ်းပေါက်လည်းမရှိတော့သလို စစ်ကူရောက်လာရန် အခြေအနေလည်း မရှိတော့တဲ့အတွက် အောက်ခြေတပ်သားများ၏အသက်ကို ငဲ့ညှာသောအာဖြင့် ဗိုလ်မှူးချုပ်သူရိန်ထွန်းအား လက်နက်ချရန် AA မှ ကမ်းလှမ်ထားသည်ဟု သိရသည်။

၎င်းစခန်းအား လေကြောင်း တစ်ခုတည်းကသာ လေထီးဖြင့် ရိက္ခာနှင့် လက်နက်များ ချပေးနိုင်ပြီး လက်ရှိတွင်လည်း အေအေဘက်က ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် လေထီးဖြင့် ချပေးရန်လည်း အဆင်မပြေတော့ဟု ဆိုသည်။

"နခခ(၅)ကတော့ မကြာမီ ကျဆုံးတောမယ့်အခြေအနေကို ရောက်နေပြီ။ လက်နက် ရိက္ခာတွေကို လေထီးနဲ့ ချပေးလို့လည်းအဆင်မပြေကြတော့ဘူး"ဟု မောင်တော စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူ ဒေသခံတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်၊ ညနေ ၃ နာရီခန့်ကလည်း မောင်တော နခခ(၅)သို့ လေထီးဖြင့် ချပေးသည့် စစ်ကောင်စီ၏ လက်နက်ရိက္ခာအထုပ်များ တပ်ခြံစည်းရိုးပြင်ပသို့ ကျရောက် သွားသဖြင့်  သွားရောက် ကောက်ယူသည့် စစ်ကောင်စီတပ်သားများအား AA ဖက်မှ လိုက်လံရှင်းလင်း တိုက်ခိုက်ရာ စစ်တပ်ဖက်မှ အကျအဆုံးများရှိခဲ့ကာ အများအပြား ဖမ်းဆီးခံရမိခဲ့သည်။

"နခခ(၅)အထဲက စစ်ကောင်စီတပ်သားတွေက စိတ်ဝမ်းကွဲနေကြပြီလို့ သိရတယ်။ လေထီးနဲ့ ချပေးတဲ့ လက်နက်ရိက္ခာတွေ သွားကောက်တဲ့နေ့ကလည်းထွက်ပြေးကြသူတွေ များတယ်လို့ သိရတယ်။ ဘယ်သူမှ အငတ်ခံအသက်သေမခံချင်ကြတော့ဘူး။ သူရိန်ထွန်းက လက်နက်ချ တဲ့သူတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် ကျန်တဲ့ အောက်ခြေရဲဘော်တွေ လက်နက်မချရဲဘဲ ဖြစ်နေတယ်။  လက်နက်ချမယ့်အဖွဲ့နဲ့ မချမယ့် အဖွဲ့တွေကွဲနေကြပြီလို့ ယူဆနိုင်တယ်"ဟု ၎င်းဒေသတွင်းစစ်ရေးလေ့လာသူက ပြောဆိုသည်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ (၅) အား ကာရန်ထားသည့် ကာကင်းစခန်းများမှ နယ်ခြားစောင့် တပ်ဖွဲ့များအား ရိက္ခာအလုံအလောက် ထောက်ပံ့ပေးခြင်း မရှိသည့် အပြင် တပ်ဆုတ်လာသူများအား အသေသတ်ပစ်ရန် နခခ ၅ တပ်တွင်းရှိ စနိုက်ပါသမားများ အမိန့်ထုတ်ခဲ့ကြောင်း စစ်လော်ဘီ ချန်နယ်များတွင် ရုပ်သံနှင့်တကွ ထုတ်ဖော်ပြောဆိုမှုများလည်း ပေါ်ထွက်ခဲ့သည်။

အဆိုပါ ကာကင်းများအားလုံးမှာလည်း နောက်ဆုံးတွင် AA လက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။

လက်ရှိ အနေအထားတွင် မောင်တောမြို့တွင် တစ်ခုတည်းသောကျန်ရှိနေသည့် နခခ (၅) အား လေကြောင်း တစ်ခုတည်းကသာ ကာကွယ်ပေးထားနိုင်ပြီး ၎င်းစခန်းအနီးဝန်းကျင်များအား မကြာခဏ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၃ ရက် တမနက်တည်း အတွင်းတွင်ပင် ဂျက်တိုက် လေယာဉ်များဖြင့် ၃ ကြိမ်တိုင်တိုင် နခခ (၅) အနီးဝန်းကျင်ကို  ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

နခခ(၅)တပ်ရင်းအနီးသို့ ယနေ့ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၇ နာရီတွင်တစ်ကြိမ်၊ နံနက် အစောကြီး ည ၃ နာရီ ၅ မိနစ်နှင့် ၂ နာရီ ၅ မိနစ်တို့တွင် တစ်ကြိမ်စီ ဂျက်တိုက်လေယာဉ်များမှ ဗုံးလာချခဲ့ကြောင်း ဒေသခံများက ပြောသည်။ (ပုံစာ- စစ်ယူနီဖောင်းဖြင့် သူရိန်ထွန်းအားတွေ့ရစဉ်)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!