တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြေပုံ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်ရာမှ အာဟာရချို့တဲ့ပြီး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 194

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၃/၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း (IDP Camp)တွင် စားနပ်ရိက္ခာပြတ်လပ်၍ အာဟာရချို့တဲ့ကာ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း စခန်းနေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

သေဆုံးသူများမှာ ဒေါ်စိုးယော်နီဆာ (၆၀)နှစ်နှင့် ဒေါ်ဒါဟိုင်မ (၅၅)နှစ်ဖြစ်သည်။

ဒေါ်စိုးယော်နီဆာမှာ စက်တင်ဘာ ၂၃ ရက်၊ ညဥ့် ၁ နာရီက သေဆုံးသွားပြီး ဒေါ်ဒါဟိုင်မမှာ စက်တင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု သူမက  နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"နှစ်ယောက်စလုံးက ထမင်းနပ်မှန်အောင်မစားရဘူး။ ငါးတွေ၊ ဟင်းတွေမစားရဘူး။ ကျမတို့ သူတို့မစားရတာ၊ နပ်မမှန်တာ တွေ့မြင်နေရပေမယ့် မကူညီနိုင်ခဲ့ဘူး။ အသက်ကလည်းကြီးပြီ။ နေမကောင်းဖြစ်တော့လည်း အစားအသောက်ကောင်းကောင်းမစားရတော့ ကြာရှည် မခံဘူးလေ။ ဆွေမျိုးတွေကလည်း ကြာကြာမကူညီနိုင်ဘူးလေ။ အစာအာဟာရသာ လုံလုံလောက်လောက်သာရှိခဲ့ရင် အခုလိုစောစောစီးစီးသေမှာမဟုတ်ဘူး။ အဓိက ထောက်ပံ့ဖို့ အဖွဲ့အစည်းတခုမှမရှိလို့ပါ။"

လက်ရှိတွင် အလောင်းကို မြေမြှုပ်သင်္ဂြိုလ်လိုက်ပြီဟု စခန်းတာဝန်ရှိသူအမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"နှစ်ယောက်လုံးကိုတော့ မြေမြှုပ်သင်္ဂြိလ်လိုက်ပါပြီ။ နောက်ထပ်စခန်းမှာ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ချင်ပါဘူး။ ဖြစ်သွားတာလည်း စိတ်မကောင်းဘူး။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးထဲမြင်နေတာတောင်မှ မကူညီနိုင်တဲ့ဘဝပါ။ စခန်းကလူတွေလည်း အခက်အခဲရောက်နေကြတယ်"ဟု ပြောသည်။

အဆိုပါဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၆၄၂ စုနှင့် လူဦးရေ ၃၀၆၇ ဦးရှိပြီး ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ယခုစခန်းတွင် ခိုလှုံနေကြရခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာအဖွဲ့အစည်းအချို့က စားနပ်ရိက္ခာနှင့် ငွေကြေးအချို့ ယခင်က ကူညီထောက်မှု ရှိခဲ့သော်လည်း လက်ရှိတွင် လာရောက်ထောက်ပံ့နိုင်ခြင်းမရှိတော့ဟု သိရသည်။

ယင်းကြောင့် အဆိုပါစခန်းနေသူများမှာ အထောက်အပံ့တစုံတရာမရသည့်အတွက် မြေပုံမြို့မစျေးနှင့် ရခိုင်ရွာများတွင် အငှားလုပ်ကိုင်ခြင်း၊ ကူလီထမ်းခြင်း၊ ငါးဖမ်းကာ ဈေးများတွင်ရောင်းချခြင်းနှင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေကြရကြောင်း စခန်းတွင် နေထိုင်သူများက ပြောသည်။

ဓာတ်ပုံ - မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း တွေ့ရစဉ်။

ဆက်စပ် သတင်းများ