အင်္ဂါ၊ စက်တင်ဘာလ ၂၄ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် မာန်အောင်မြို့နယ်တွင်လည်း စစ်ကောင်စီ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 259

မင်းသျှင်စော၊  နိရဉ္စရာ၊ စက်တင်ဘာ ၂၃/ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိသေးသည့် ရခိုင်ပြည်မှ တစ်ခုတည်းသောမြို့နယ် မာန်အောင်မြို့နယ် (မာန်အောင်ကျွန်း)တွင် စစ်ကောင်စီက စစ်ရေးအရပြင်ဆင်မှုများကို ယခင်ကထက် ပိုမို ပြုလုပ်လာသည်ဟု သတင်းရရှိသည်။

မာန်အောင်မြို့နယ်အား စက်တင်ဘာလအတွင်း အာရက္ခတပ်တော် (AA)၏ ထိုးစစ် ဝင်ရောက်လာမည့် ကောလာဟလ သတင်းများ ထွက်ပေါ်နေပြီးနောက် ယခုလိုပြင်ဆင်လာသည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “အခု မျှော်တော်ဦးရေတပ်စခန်းကိုလည်း ခြံစည်းရိုး နှစ်ထပ်ကာရန်ပြီး အကြီးစား ပြင်ဆင်နေသလို တပ်စခန်းအနီးဝန်းကျင်နဲ့ လေယာဉ်ကွင်းတွေဘက်မှာလည်း မိုင်းတွေ ချထားတယ်လို့ ကြားရပါတယ်”ဟု ပြောဆိုသည်။

စစ်ကောင်စီသည် စက်တင်ဘာ ဒုတိယအပတ်ကစပြီး မျှော်တော်ဦး ရေတပ်စခန်းကို ခြံနှစ်ထပ် ကာရန်ပြီး မိုင်းများနေရာအနှံ့ထောင်ထားသည်ဟု ဆိုသည်။

၎င်းပြင် ခမရ (၃၄၄) တပ်စွဲထားသည့် ကမူတောင်၊ မြို့မရဲစခန်း၊ လေယဉ်ကွင်းနှင့် မြေနီတောင် တို့တွင်လည်း စစ်ကောင်စီက မိုင်းများထောင်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

မျက်မြင်ဒေသခံတစ်ဉီးက " သူတို့က စက်တင်ဘာ ဒုတိယအပတ်ကစပြီး မိုင်းတွေကို ခမရ (၃၄၄) က ဦးဆောင်ပြီး အရေးပါတဲ့နေရာတွေမှာ အစုံလိုက်ပြီးထောင်နေတယ်။ သူတို့က လူစုခွဲပြီးထောင်တယ်။  လေယာဉ်ကွင်းဘေးနား၊ ရဲစခန်းပါမကျန် အကုန်ထောင်တာဘဲ"ဟု ပြောသည်။ 

သံတွဲမြို့ မောင်ရွှေလေးရေတပ်ကျသွားပြီးနောက် ၎င်းစခန်းရေတပ်စခန်းမှ  ဒဏ်ရာသူများအား မာန်အောင် မျှော်တော်ဦး ရေတပ်တွင် ဆေးကုသပေးနေသလို စစ်ရေယာဉ်များဖြင့် ထွက်ပြေးလာသူ ရေတပ်သားများအားလည်း ၎င်းရေတပ်စခန်းတွင် အထိုင်ချထားကာ အာရက္ခတပ်တော်၏ ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေသည်ဟု သိရသည်။

၎င်းပြင် အေအေ ထိုးစစ်ဆင် တိုက်ခိုက်မည့်သတင်းကြောင့်​  စစ်ကောင်စီသည် မာန်အောင်ကျွန်းကို ငါးဖမ်းလှေများနှင့် မော်တော်ဘုတ်များကိုပါ ကမ်းကပ်ခွင့်၊ ကမ်းထွက်ခြင်း မပြုရဟု အမိန့်ထုတ် တားမြစ်ထားသည်ဟုလည်း  မာန်အောင်တွင်ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

မာန်အောင်မြို့နယ်သည် ကျွန်းပေါ်တွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး ရေလမ်းကြောင်းကိုသာ အဓိက အားကိုးနေရသည့် မြို့နယ် တစ်ခုဖြစ်သဖြင့် စစ်ရေယာဉ်များဖြင့် ဝင်ပေါက် ထွက်ပေါက်များ အားလုံးကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားပြီး တစ်ခြားတစ်ဖက်တွင်လည်း စစ်တပ်ထောက်ခံသည့် ခရိုနီများအာ ကုန်ပစ္စည်းများကို မြို့နယ်အတွင်း တင်သွင်းခွင့်ကို ပြုပေးထားသည်ဟု သိရသည်။ 

“ စားကုန်နဲ့ ဆေးဝါးတွေ သယ်ယူခွင့်ကို ပိတ်ထားတယ်။ မော်တော်ဘုတ်၊ စက်လှေ အဝင်အထွက်တွေကို စစ်ကောင်စီရဲ့ ဘက်တော်သား ခရိုနီတွေမှအပ ဘယ်သူတစ်ဦး တစ်ယောက်မှ သယ်ယူခွင့်မရှိဘူး။ ဒါကြောင့် စားသုံးကုန်နဲ့ ဆေးဝါးတွေဆိုရင် ယခင်ကထက် စျေးနှစ်ဆမြင့်တက်လျှက်ရှိနေပါတယ်။  မာန်အောင်မှာက အဓိက စစ်ကောင်စီနဲ့ ပေါင်းပြီး လုပ်စားနေကြတဲ့ စီးပွားရေးရှင်တွေက ရန်ကုန် ဘက်ကနေ ဆေးဝါးနဲ့ စားသုံးကုန်တွေကို စက်လှေကြီတွေနဲ့ တင်သွင်းပြီး စစ်တွေ၊ ကျောက်ဖြူ မြို့တွေက ခရိုနီနဲ့ဆက်စပ်ပြီး သယ်ယူပို့ဆောင်နေကြပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

မာန်အောင်မြို့နယ်အား အေအေမှ စက်တင်ဘာလအတွင်း တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ အေအေ၏ စစ်ရေးစစ်ရာ လှုပ်ရှားမှု အခြေအနေများကို မမြင်တွေ့ရသေးဟု ဒေသခံများက ပြောဆိုသည်။

ဆက်စပ် သတင်းများ