သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

ကုလားတန်မြစ်ထဲ ခုန်ချအဆုံးစီရင်သွားသည့် စစ်ဘေးရှောင်အလောင်း ရှာတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ စက်တင်ဘာ ၂၄ / ၂၀၂၄

ရခိုင်ပြည် ၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကုလားတန်မြစ်ထဲခုန်ချအဆုံးစီရင်သွားသည့် စစ်ဘေးရှောင်လူငယ်၏ ရုပ်အလောင်းအား ယမန်နေ့ညပိုင်းတွင် ရှာဖွေဆယ်ယူရရှိခဲ့ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

ယမန်နေ့စက်တင်ဘာလ ၂၃ ရက် ၊ ည ၇ နာရီခွဲခန့်တွင် ကျောက်ဆိပ်ကျေးရွာအနီး ကုလားတန်မြစ်ကမ်းစပ်တွင်ရှာဖွေတွေ့ရှိခဲ့ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

"အလောင်းကို မနေ့က ညပိုင်းမှာပြန်တွေ့ပါပြီ။ မနေ့ကပဲကျွန်တော်တို့ရှာနေကြတာ။ အခုပြန်တွေ့ပါပြီ" ဟု ပြောသည်။

ရှာဖွေ့တွေ့ရှိသည့်ရုပ်အလောင်းမှာ ယမန်နေ့စက်တင်ဘာလ ၂၂ ရက် ၊ မနက်ပိုင်းက ကုလားတန်မြစ်ထဲခုန်ချအဆုံးစီရင်သွားသည့် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုမောင်ကြီး(၂၆) နှစ်ဖြစ်သည်။

ကိုမောင်ကြီးသည် ယမန်နေ့မနက်ပိုင်းက ယိုးငူကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာကြား ပုဏ္ဏားကျွန်း-ကျောက်တော်ကားလမ်းဘေးရှိ ကုလားတန်မြစ်(ကစ္ဆပနဒီမြစ်) ထဲသို့ ခုန်ချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုမောင်ကြီး၏ရုပ်အလောင်းအား ယမန်နေ့က လင်းရောင်ခြည်ဖောင်ဒေးရှင်း ၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း၊ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးတို့က ရှာဖွေခဲ့ကြပြီး ယနေ့တွင်စစ်ဘေးရှောင်လူငယ်များနှင့် လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့က ဆက်လက် ရှာဖွေရာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုမောင်ကြီးသည် ယမန်နေ့မနက်ပိုင်းက ရေနစ်မပျောက်ဆုံးမီ သူစစ်ဘေးရှောင်နေသည့်အနီး ကျေးရွာတစ်ခုမှ အုန်းသီးတစ်လုံး တောင်းယူလာသည်ကို မိသားစုဝင် တစ်ဦးက ပြစ်တင် ပြောဆို ငေါက်ငမ်းမိပြီး​နောက် ကုလားတန်မြစ်ထဲဆင်းသွားကာ ရေနစ်ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုမောင်ကြီး မိမိကိုယ်ကိုယ်အဆုံးစီရင်မှုမှာ မိသားစုဝင်ထံ ပြစ်တင်ခံရမှုထက် ရခိုင်စစ်ရှောင်တို့ကြုံတွေ့ခံစားနေရသည့် စားဝတ်နေရေး အကျပ်အတည်းနှင့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် ဖြစ်နိုင်ခြေများကြောင်း လူမှုကူညီရေးသမားများက ထင်ကြေးပေးပြောဆိုကြသည်။

ကိုမောင်ကြီးတို့မိသားစုမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီနေဗီက ပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် ပုဏ္ဏားမြို့မဈေးကြီးမီးလောင်ပြာကျသည့် အချိန်ကပင် ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဘေးရှောင်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံံ- ကိုမောင်ကြီးရုပ်အလောင်းအား ရှာဖွေတွေ့ရှိစဥ် / လင်းရောင်ခြည်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!