စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ် တန်းလွဲရွာမမြို့ကို စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရမှုရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ စက်တင်ဘာ ၂၄ / ၂၀၂၄

ရခိုင်ပြည် ၊ တောင်ကုတ်ခရိုင် ၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အမှတ်(၄)ရပ်ကွက် ရွာသစ်မှ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးလက်ပြတ်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းဦးသတင်းရရှိထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

" ရွာသစ်မှာက တစ်ယောက်သေပြီး တစ်ယောက်လက်ပြတ်ဒဏ်ရာရသွားတယ်လို့ သိထားရတယ်။"

ယနေ့ စက်တင်ဘာ ၂၄ ရက်၊ ည ၈ နာရီခန့်တွင် တန်းလွဲရွာမရဲစခန်း၊ အမှတ်(၄)ရပ်ကွက် ရွာသစ်ဈေးအနီးနှင့် ကျောက်ဆိပ်တောင်ကျေးရွာဘက်သို့ စစ်ကောင်စီက ဂျက်တိုက် လေယာဥ်ဖြင့် စုစုပေါင်း ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တန်းလွဲရွာမရဲစခန်းရှိရာ ရွာမမြို့အထက်ပိုင်းမှ ဗုံးကွဲသံ ကျယ်လောင်စွာ တစ်ချက်နှင့် စုစုပေါင်း ဗုံးပေါက်ကွဲသံ လေးချက်ထိကြားရကြောင်း တန်းလွဲရွာမမြို့နှင့် သုံးမိုင်ခန့်ဝေးသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

"ရွာမရဲစခန်းရှိတဲ့ အထက်ဘက်က ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ အားလုံးလေးချက် တိတိ ပေါက်ကွဲသံကြားတယ်"ဟု ပြောသည်။

ယခုညပိုင်းဗုံးကြဲတိုက်ခိုက်ချိန်ကပင် တန်းလွဲရွာမမြို့တွင် ဆက်သွယ်ရေးဖုန်းလိုင်း အားလုံးပြတ်တောက်သွားပြီး ယခုလက်ရှိ ည ၁၁ နာရီအထိ ဆက်သွယ်၍မရရှိသေးပေ။

ယခုဗုံးကြဲမှုဖြစ်စဥ်အတွင်း အထိအခိုက်အပျက်စီးများကို အသေးစိတ်သိရှိနိင်ရန် နိရဥ္ရရာက ဆက်လက်စုံစမ်းနေသည်။

တန်းလွဲရွာမမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့်မြို့ဖြစ်သော်လည်း ပညာရေး ၊ ကျန်းမာရေးနှင့် လျှပ်စစ် ဓာတ်အားများကို စစ်ကောင်စီက တောင်ကုတ်မြို့မှ စီမံအုပ်ချုပ်ပြီးလည်ပတ်နေကြောင်း သိရသည်။

စက်တင်ဘာလ ၂၂ ရက်က တန်းလွဲရွာမမြို့မှ စစ်ကောင်စီ၏ လျှပ်စစ်ရုံးဝန်ထမ်းနှစ်ဦးကို AA ဘက်က ခေါ်ယူပြီး လျှပ်စစ်မီတာကြေးများကို သိမ်းယူရန်ကြိုးစားခဲ့ပြီးနောက် တန်းလွဲရွာမ မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားခဲ့သည်။

တန်းလွဲရွာမမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုများမှာ တကျော့ပြန် ရခိုင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က စခန်းစွန့်ခွာ ထွက်ပြေး သွားပြီး နောက်ပိုင်း AA က မြို့ကိုထိန်းချုပ်ထားခြင်းဖြစ်သည်။

 

ဓာတ်ပုံ - တန်းလွဲရွာမ အမှတ်(၄)ရပ်ကွက် ရွာသစ်ဈေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လလယ်က တွေ့ရစဥ်။

ဆက်စပ် သတင်းများ