တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် အိမ်ဖောက်ထွင်းခိုးယူသူ သုံးလေးဆယ်ခန့်ကို AA ဖမ်းဆီးအရေးယူထား (သံတွဲမြို့တွင်လည်း အိမ်ဖောက်ထွင်းခိုးယူသူများအား အရေးယူပေးရန် ဒေသခံများလိုလား)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၅/၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် အိမ်ဖောက်ထွင်းခိုးယူသူ ၃၀၊ ၄၀ ခန့်ကို အာရက္ခတပ်တော် (AA)မှ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် အိမ်ဖောက်ထွင်းခိုးယူမှုများ လျော့ကျသွားခဲ့သည်ဟု သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက  " ကျွန်တော်တို့ဆီမှာ အခုဆို ဖောက်ထွင်းခိုးယူသူတွေကို  အေအေက အရေးယူ ဖမ်းဆီးထားတယ်။ အဖမ်းခံရသူအရေအတွက်က  ၃၀ ၊ ၄၀ လောက် ရှိတယ်။ အဲဒီနောက်ပိုင်းက စပြီး ခိုးမှု၊ အိမ်ဖောက်ထွင်းမှုတွေ လျော့ကျသွားတယ်" ဟု ပြောသည်။

အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့တချို့တွင် အုပ်ချုပ်ရေး လက်လှမ်းမမီစဉ် အိမ်ဖောက်ထွင်းခိုးယူမှု အများအပြား ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့ ဖောက်ထွင်း ခိုးယူခံရသည့် မြို့များအထဲတွင် သံတွဲမြို့နှင့် ငပလီမြို့တို့လည်း ပါဝင်ပြီး လက်ရှိ အချိန်ထိ ဖောက်ထွင်းခိုးယူမှုများရှိနေသေးကြောင်း၊  မကြာသေးမီ ရက်ပိုင်းကလည်း ငပလီ လင်းသာတွင် နေအိမ်များဖောက်ထွင်း ခိုးယူခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

၎င်းပြင် သံတွဲမြို့တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် ကာလတွင် လူမနေတော့သည့် စစ်ဘေးရှောင်နေအိမ် အများအပြားဖောက်ထွင်း ခံခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။

နေအိမ်ဖောက်ထွင်းခံရသည့် သံတွဲမြို့ခံတစ်ဦးက သူ့တို့အိမ်တွင် အခိုးခံရ၍ ဆိုင်ကယ် ၄ စီးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများအပါအဝင် စုစုပေါင်းငွေကြေးတန်ဖိုး ကျပ်သိန်း ၃၀၀ ခန့်အထိဆုံးရှုံးသွားကြောင်း ပြောသည်။


"အိမ် ၃ ဆောင် ရှိတာ။ အကုန်အဖောက်ခံရတယ်။ သော့ခလောက်သီးတွေကိုရော အကုန် ဖျက်ထားတာ။ တစ်အိမ်လုံးမွှေနှောက်တာ အကုန်လုံးကုန်။ ရေသန့်စက်၊ ရေမော်တာ၊ ရေခဲသေတ္တာ၊ စုဆောင်းထားတဲ့စာအုပ်တွေရော။ ဆိုင်ကယ် ၄ စီးရော။ တိုက်ပွဲပြင်းထန်နေတဲ့ ကာလမှာ အဖောက်ခံရတာလေ။ တစ်မြို့လုံးအဖောက်ခံရတာ။ လူရှိတဲ့အိမ်တွေ လောက်ပဲ ကျန်တာ" ဟုပြောသည်။

ထို့သို့ နေအိမ်များဖောက်ထွင်းခံရသူများထဲတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ နေအိမ်နှင့် အရောင်းဆိုင်များလည်း ပါဝင်သည်ဟု ဆိုသည်။

သံတွဲ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားလာသဖြင့်  ဆန်နှင့် စားနပ်ရိက္ခာများ အပါအဝင် သယ်ယူရွှေ့ပြောင်းနိုင်ခြင်း မရှိသောပစ္စည်းများကို အိမ်တွင် ချန်ထားခဲ့စဉ် အခိုးခံ ခဲ့ကြရသည်ဟု ဆိုသည်။

"တချို့ဆို သိန်းပေါင်း ၂ သောင်း၊ ၃ သောင်းဖိုးတောင်ပါသွားတာပေါ့။ ပြီးရင် အိမ်ထဲမှာ ရိက္ခာတွေလှောင်တဲ့သူတွေမှာဆို သိန်း ၈၀၀၊ ၁၀၀၀ ဖိုး အကုန်ပါသွားတယ်လေ။ ပြောချင်တာက သူတို့(ခိုးသူတွေ)ကို လုံးဝမကျေနပ်ဘူး။ ထိုက်တန်တဲ့ ပြစ်ဒဏ် ပေးစေချင်တယ်" ဟုပြောသည်။ 

ရခိုင်ရှိ လွတ်မြောက်နယ်မြေအချို့တွင် တိုက်ပွဲများပြင်းထန်ခဲ့စဥ်က နေရပ်စွန့်ခွာသူများ အနေဖြင့် လက်ရှိ တိုက်ပွဲမရှိတော့သော်လည်း စစ်ကောင်စီ၏လေကြောင်းရန်ကိုစိုးရိမ်၍ နေရပ် မပြန်နိုင်သေးဘဲ ရှိနေကြစဉ် နေအိမ်များဖောက်ထွင်းခံနေကြရခြင်း ဖြစ်သည်။

ထိုအထဲတွင်  ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ သံတွဲနှင့် ရမ်းဗြဲမြို့တို့တွင်လည်း ပါဝင်ပြီး  ဖောက်ထွင်းခိုးယူသူများကို ဖော်ထုတ်အရေးယူပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ အုပ်ချုပ်ရေး ရှိနေသေးသည့် စစ်တွေမြို့တွင်လည်း ဖောက်ထွင်းခိုးယူမှုများ၊ နေအိမ်များကို ဖြိုဖျက် ရောင်းချခြင်းများ အကြီးအကျယ်ဖြစ်ပွားနေပြီး စစ်သားများကိုယ်တိုင် ကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့ပေါ် ရပ်ကွက်များ အပါအဝင် စစ်ကောင်စီက နှင်ထုတ်ခံရသည့် စစ်တွေမြို့နယ်မှ  ရွှေပြည်သာ၊ ဗျိုင်းဖြူရွာနှင့် ကျေးတောရွာတို့တွင် နေအိမ်များ ဖောက်ထွင်းခံရမှုနှင့် အိမ်အသုံးအဆောင် ပရိဘောဂများက အစ ခိုးယူဖောက်ထွင်းခံနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"မြို့ထဲမှာ လူရှိတာတောင် အိမ်က ပစ္စည်းတွေကို ဝင်ခိုးကြတယ်။ ဟိုတလောက ရွှေပြည်သာကို နှင်ထားတယ်။ အိမ်သားတောင်မသွားရသေးဘူး။ ဓားတွေ၊ တူးရင်းတွေနဲ့ အိမ်ဖျက်ဖို့ ရောက်နေကြပြီ။ ပြီးရင် မြို့ပေါ်မှာယူရောင်းတယ်။ ခိုးတဲ့သူတွေမှာ အလုပ်မရှိ၊ အကိုင်မရှိဘူး။ ခိုးကြတယ်ဆိုပေမယ့်လည်း ပိုင်ရှင်တွေမှာလည်း အခက်အခဲကြားထဲက ပိုက်ဆံတွေ အကုန်အကျခံပြီး ဆောက်ထားကြတာ။ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် တားမြစ်သင့်ပါတယ်" ဟုပြောသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့များတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့များထက် ဖောက်ထွင်းမှု၊ ခိုးမှုနှင့် လုယက်မှုများ ကျဆင်းလာသော်လည်း ယခုထက်ပိုပြီး နှိမ်နှင်းရန်လိုနေပြီး နောက်ထပ်မကျူးလွန်ရဲအောင် စံပြအဖြစ် ထိထိရောက်ရောက် အရေးယူရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ - သံတွဲမြို့တွင်ဖောက်ထွင်းခံခဲ့ရသည့် နေအိမ်များအားတွေ့ရစဥ်။

ဆက်စပ် သတင်းများ