စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ် တန်းလွဲရွာမမြို့ ဗုံးကြဲခံရမှု တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 959

ကံ့ကော်နီနီ ၊ နိရဉ္စရာ ၊ စက်တင်ဘာ ၂၅ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့ ယမန်နေ့ညက လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရမှု အတွင်း စစ်ဘေးရှောင်တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ တောင်ကုတ်မြို့မှ တန်းလွဲရွာမမြို့ကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် တောင်ကုတ်တက္ကသိုလ် ရူပဗေဒဌာန တတိယနှစ်ကျောင်းသား မောင်အောင်သူရ(၂၁)နှစ်နှင့် တန်းလွဲရွာမမြို့အဝင် ရေသန့်စက်မှ လူလတ်ပိုင်းအမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်၊ ည ၈ နာရီဝန်းကျင်က စစ်ကောင်စီဂျက်တိုက်လေယာဥ်ဖြင့် တန်းလွဲရွာမြို့ရဲစခန်းနှင့် ရွှေပြည်သာကူးတို့ဆိပ်အနီး ရွာသစ်ချေတို့ကို ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုအတွင်း တက္ကသိုလ်ကျောင်းသားကိုအောင်သူရနှင့် ရေသန့်စက် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတို့သေဆုံးကာ ဒေသခံတချို့လည်း ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကိုအောင်သူရ၏သူငယ်ချင်းတစ်ဦးက "ကိုအောင်သူရ ဗုံးစထိမှန်သေဆုံးသွားတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်နားကိုယ် မယုံနိုင်ဘူးဖြစ်ရတယ်သတင်းကြားကြားချင်း" ဟု ပြောသည်။

ကိုအောင်သူရမှာ ဘောလုံးအားကစားတွင် ထူးချွန်သူလူငယ်တစ်ဦးဖြစ်ပြီး လူမှုဆက်ဆံရေး ပြေပြစ်သဘောကောင်းသူလူငယ်တစ်ဦးလည်း ဖြစ်သည်။

ရွှေပြည်သာကူးတို့ဆိပ်အနီးရွာသစ်ချေကို ဗုံးကြဲချမှုဖြစ်စဥ်တွင် ကိုအောင်သူရသေဆုံးသည့် အပြင်  အမျိုးသမီးနှင့် ကလေးသူငယ်အပါဝင် သုံးဦးဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့ညကဗုံးကြဲတိုက်ခိုက်မှုအတွင်း တန်းလွဲရွာမြို့ရဲစခန်းခြံဝင်းရှိ အဆောက်အအုံ တချို့အပါအဝင် အနီးအနားရှိနေအိမ်တချို့နှင့် ရေသန့်စက်တို့ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း ယနေ့နံနက် ၈ နာရီခွဲဝန်းကျင်က တန်းလွဲရွာမမြို့ခံတစ်ဦးနှင့် အဆက်သွယ်ရရှိခဲ့စဥ် သူက ပြောသည်။

"ရဲစခန်းနားမှာ နှစ်လုံးကျတယ်။ တိုက်အိမ်တချို့ပျက်စီးသွားတယ်။ ရဲစခန်းအနားက သစ်ပင်တွေလည်း အကုန်ကျိုးကျေကုန်တယ်။ တခြားအိမ်နှစ်လုံးလည်း ပျက်စီးသွားတယ်။ ယောက်ျားတစ်ယောက်သေသွားတယ်။ ရေသန့်စက်လုပ်တဲ့သူသေတာ။ အဲဒီနားက ကလေးတယောက်လည်း ဗုံးသံကြောင့်နားပင်းသွားတယ်"ဟု ပြောသည်။

တန်းလွဲရွာမမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့်မြို့ဖြစ်ရာ တောင်ကုတ်မြို့ကို ထိုးစစ်ဆင်လာမည်ကိုအကြောက်လွန်နေသော စစ်ကောင်စီအနေဖြင့် AA တပ်ဖွဲ့ဝင်များလှုပ်ရှားနေသည်အထင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စက်တင်ဘာလ ၂၂ ရက်က တန်းလွဲရွာမမြို့မှ စစ်ကောင်စီ၏ လျှပ်စစ်ရုံးဝန်ထမ်းနှစ်ဦးကို AA က ခေါ်ယူပြီး လျှပ်စစ်မီတာကြေးများကို သိမ်းယူရန်ကြိုးစားခဲ့ပြီးနောက် တန်းလွဲရွာမမြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားခဲ့သည်။

တန်းလွဲရွာမမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုများမှာ တကျော့ပြန် ရခိုင်တိုက်ပွဲ စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး နောက်ပိုင်း AA က မြို့ကိုထိန်းချုပ်ထားခြင်းဖြစ်သည်။

ဓာတ်ပုံ - တန်းလွဲရွာမမြို့ ဗုံးကြဲခံရပြီး ရွာမရဲစခန်းနှင့်အနီးတဝိုက်နေအိမ်များဗုံးထိမှန်ပျက်စီးသွားသည့်မြင်ကွင်းများ/ တန်းလွဲဌာနီ

ဆက်စပ် သတင်းများ