တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

ကျိန္တလီမြို့ ကျောက်ပါးစပ်ကျေးရွာအနီး တိုက်ပွဲပြန်ဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(စစ်ကောင်စီလေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများကို တောက်လျှောက်ဗုံးကြဲတိုက်ခိုက်)


လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၅/ ၂၀၂၄

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၊ ကျိန္တလီမြို့ ကျောက်ပါးစပ်ကျေးရွာအနီးတွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ ယနေ့ နံနက်တွင် နှစ်ဖက်တိုက်ပွဲ ပြန်လည် ပြင်းထန်နေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီခန့်တွင် ကျောက်ပါးစပ်ကျေးရွာနှင့် ယင်းကျေးရွာ အနီး ကင်းပုန်းဝပ်နေသည့်စစ်ကောင်စီတပ်သားများထံ ကုလားပြင်ရွာမှ စစ်ကောင်စီ တပ်သားများက စစ်ကားဖြင့်ရိက္ခာများလာပေးစဥ် AA က ကြားဖြတ် တိုက်ခိုက်ရာမှ နှစ်ဘက် အပြန်အလှန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ​ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “မနေ့က ညနေပိုင်းမှာ ပစ်ခတ်သံတွေကြားရပြီး ဒီနေ့မနက်ပိုင်းက စပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတာပါ။ ကျိန္တလီနဲ့ ကုလားပြင်ကြား ကျောက်ပါးစပ် ရွာနားမှာဖြစ်တာ။ စစ်ကောင်စီ ကင်းပုံးတွေဆီကို ကင်းလှည့်ယာဉ်တွေ ရိက္ခာလာပေးတာမှာ အေအေက ကြားဖြတ်တိုက်တာလို့ သိရပါတယ်”ဟု ပြောသည်။

အထိအခိုက် အကျအဆုံးကိုမူ လောလောဆယ်မကြားသိရကြောင်း ၎င်းကပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ကုလားပြင်(ရတနာမြိုင်)ရဲစခန်း၊ ကြွေချိုင်နှင့် ဆပ်သွားရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများကလည်း တိုက်ပွဲဖြစ်ရာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ကူများပေးလျက်ရှိကြောင်းလည်း နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျောက်ပါးစပ်ကလူတွေက အရင်ကတည်းက ရှောင်နေလို့ တော်သေးတယ်။ ကျောက်ပါးစပ်၊ ဆားချက်ကျေးရွာတွေကို တောက်လျှောက်ဗုံးကြဲနေတယ်။ တိုက်ပွဲက ကားလမ်းတစ်လျှောက် ကုလားပြင်နားအထိရှိလာပြီ”ဟု ပြောသည်။

AA နှင့် စစ်ကောင်စီတပ်တို့သည် ကုလားပြင်ကျေးရွာနှင့် ကျောက်ပါးစပ်ကျေးရွာ အနီးတစ်ဝိုက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုမရှိသည်မှာ တစ်ပတ်ခန့်ရှိနေရာမှာ ယနေ့တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသများက ဆိုသည်။

ကုလားပြင်ကျေးရွာအနီးရှိ ကိုင်းခုံ၊ ဆားချက်၊ ကံဂေါ်တောင်တို့တွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နောက်ဆုတ်ကာ ကုလားပြင်မှနေ အထိုင်စခန်းချကာ ဆက်လက်ခုခံနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်တောင်ဘက်ပိုင်းမှ စစ်ရေးအရရော စီးပွားရေး အရပါ အရေးပါသော သံတွဲခရိုင်မြို့ကြီးအား သိမ်းပိုက်ပြီး အဆိုပါခရိုင်အတွင်း ပါဝင်သော ဂွမြို့နယ်ကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

 

----

ဆက်စပ် သတင်းများ