စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

မြေပုံ ကမ်းထောင်းကြီးမြို့ တွင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ နှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 837

(သေဆုံးဒဏ်ရာရသူများအထဲတွင် ဥပုသ်သည်များပါဝင်)


မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂၀၂၄

စစ်ကောင်စီက ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း အပါအဝင် ယခင်ရဲစခန်းဟောင်းကို ယနေ့ တော်သလင်းလဆုတ် ၈ ရက် ဥပုသ်နေ့တွင် စစ်ကောင်စီက လေကြောင်းကနေ  ဗုံးကြဲ တိုက်ခိုက်သည့် အတွက် အရပ်သား နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်းသိရသည်။

သေဆုံးသူများမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဥပုသ်သည် အမျိုးသားနှစ်ဦးဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။

ယနေ့ စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီခန့်တွင် ဂျက်တိုက်လေယာဥ်တစ်စီးဖြင့် ​ကမ်းထောင်းကြီး မြို့ကို နှစ်ကြိမ်တိုင်လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက အတည်ပြု ပြောသည်။

"တစ်ကြိမ်မှာ နှစ်လုံးစီချတာ။ နှစ်ကြိမ်လာချတယ်။ လေးလုံးချတယ်။ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်"ဟု ပြောသည်။

​အလယ်ပိုင်းရပ်ကွက်ရှိ မြောက်ဘက်ဘုန်းတော်ကြီးကျောင်းအနီးတွင်တစ်လုံး၊ မြို့ပြင်ရှိ လေးဝတီဘုန်းတော်ကြီးကျောင်းအနီးတွင် တစ်လုံးနှင့်  ရဲစခန်းအနီးတွင် နှစ်လုံး ကျရောက်ခဲ့သည်ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

"သေတာက နှစ်ယောက်သေတယ်။ ဒဏ်ရာရတာကတော့ မြောက်ဘက်ကျောင်းက ဥပုသ်သည် အမျိုးသား တစ်ယောက် လက်ပြတ်ထွက်သွားတယ်ပြောပါတယ်။ လေးဝတီကျောင်းက ဥပုသ်အမျိုးသားတော့ ပေါင်ကနေ ပြတ်ထွက်သွားတယ်လို့ပြောပါတယ်"ဟု ပြောသည်။

လက်ရှိတွင် ဗုံးကြဲခံရပြီးနောက် ကမ်းထောင်းကြီးမြို့သို့ ဖုန်းလိုင်းဆက်သွယ်ရခက်ခဲနေ၍ သေဆုံးဒဏ်ရာရသူများ၏အသေးစိတ်ကို မသိရသေးပေ။

နေအိမ်အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ကမ်းထောင်းကြီးမြို့သည် မြေပုံမြို့၏ မြို့နယ်ခွဲမြို့ဖြစ်ပြီး အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်  မြို့ဖြစ်သည်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက "အခုလိုအေးချမ်းနေတဲ့မြို့ကို လာတိုက်ခိုက်တယ် ဆိုတာက ပြည်သူတွေကြောက်လန့်ပြီး မတည်ငြိမ်အောင်လုပ်တာပေါ့။ ပြည်သူတွေအကြား မတည်ငြိမ်အောင်လုပ်တာပေါ့"ဟု သုံးသပ်ပြောသည်။

ဆက်စပ် သတင်းများ