တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်မှ မအီ-လုံးတော်ပေါက်တံတားအနီး ဗုံးကြဲခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 829

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၅/၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ကိုဆက်သွယ်ထားသည့် ကားလမ်းမ ပေါ်ရှိ မအီ-လုံးတော်ပေါက်တံတားအနီးဝန်းကျင် ဗုံးကြဲခံရသည်ဟု သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်၊ ည ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ၅ မိနစ်ခြားပြီး နှစ်ကြိမ် ဗုံးလာကြဲခြင်း ဖြစ်သည်ဟု သိရသည်။

"ဗုံးက နှစ်ကြိမ်လာချတာ။ ပထမတစ်ကြိမ်မှာ နှစ်လုံးလာချတယ်။ နောက်ငါးမိနစ် ခြားလောက်ကြာတော့ နောက်တစ်ကြိမ်လာချတယ်။ နှစ်လုံးချခဲ့တယ်။ စုစုပေါင်းက လေးလုံးကျတယ်။ တံတားမှာတော့ မကျခဲ့ဘူး။ နောက်ဆုံးတစ်ကြိမ် ဗုံးလာချတုန်းက တံတားထိပ်က စစ်ဆေးရေးဂိတ်အဆောင်တစ်ခုမှာကျတယ်။ ပြိုကျသွားတယ်။ ဗုံးအစအနတွေ ကျတော့ တံတားလည်း နည်းနည်းပျက်စီးမယ်ထင်တယ်။ လူထိခိုက်ဒဏ်ရာ ရတာတော့မရှိဘူး"ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။



စစ်ကောင်စီတပ်က အဆိုပါ မအီ-လုံးတော်ပေါက်တံတားကို ဗုံးလာကြဲခြင်းမှာ ပြည်သူများတစ်မြို့နယ်နှင့်တစ်မြို့နယ်သို့ ကူးသန်းသွားလာရာ၌ ဆက်သွယ်ရေး လုံးဝပြတ်တောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

မအီ-လုံးတော်ပေါက်တံတားသည် တောင်ကုတ်မြို့နယ်၊ မအီမြို့ထွက်ဝတွင်ရှိပြီး ကျောက်ဖြူမြို့နယ်နှင့် ဆက်သွယ်ထားသည့် အရေးပါသော ကွန်ကရစ်တံတားတစ်စင်းဖြစ်သည်။

ထိုတံတားသည် မအီမြို့နှင့် ၈ မိုင်ခန့်ကွာဝေးသည်ဟုလည်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်၊ ည ၈ နာရီဝန်းကျင်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့ ရဲစခန်းနှင့် ရွှေပြည်သာကူးတို့ဆိပ ်အနီး ရွာသစ်ချေတို့ကို ဗုံး လေးလုံးကြဲချတိုက်ခိုက်ခဲ့၍ တက္ကသိုလ်ကျောင်းသား တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ