သောကြာ၊ စက်တင်ဘာလ ၂၇ရက်၊ ၂၀၂၄

သံတွဲမြို့ ဗုံးကြဲခံရ၊ အရပ်သား ၁၃ ဦးသေပြီး ၂၅ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 4.6k

နိရဉ္စရာ၊စက်တင်ဘာ၂၆/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီ ၄၀ မိနစ်က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် ၁၃ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သတင်းရရှိသည်။

စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီးသည် သံတွဲမြို့နယ်ခန်းမနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးများ ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ယခုကဲ့သို့  စစ်ဘေးရှောင်များ သေဆုံးရခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။ 


" ဒီကနေ့ မနက် ၇ နာရီ မိနစ် ၄၀ က အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာ ရှိပါတယ်။ အဲဒီ ဗုံးကြဲခံရမှု ဖြစ်စဉ်မှာ သံတွဲမြို့နယ် မြို့နယ်ခန်းမမှာ ခိုလှုံနေတဲ့ ဒီ စစ်ဘေးရှောင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီးတော့ ၂၅ ယောက် ဒဏ်ရာရရှိခဲ့တာရှိပါတယ်။ သေဆုံးတဲ့အထဲမှာတော့ ခလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ကျွန်တော်တို့ ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ ဒီလို အရပ်သားပြည်သူတွေ စစ်ရှောင်နေတာကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတာကတော့ ဒါ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်ပါတယ်။ တစ်ဖက်မှာဒါ ဂျီနီဗာ ကွန်ဗင်ရှင်းကိုလည်းဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်"ဟု  ဦးခိုင်သုခက ပြောဆိုသည်။

လက်ရှိ သေဆုံးသွားသူများ၊ ဒဏ်ရာရရသူများ စာရင်းကို ရရှိပါကလည်း ထပ်မံတင်ပြပေးသွားပါမည်။ (ဓာတ်ပုံ- ယနေ့ ဗုံးကြဲမှုအတွင်း သေဆုံးခဲ့ရသူများ)

ဆက်စပ် သတင်းများ